အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေသည့် သောင်ရင်းမြစ်ကို ဖြတ်ပြီး ကုန်စည်အစီအရီတင်ဆောင်လာသော စက်လှေကလေးများမှာ ခေါက်တုံ့ခေါက်ပြန် မောင်းနှင်အလုပ်ရှုပ်လျက်။
စက်လှေများ သယ်ဆောင်လာသည့် ကုန်စည်များကိုတင်ရန် အရံသင့်ထိုးရပ်လာသည့် ကုန်တင်ကားလေးများပေါ် ကုန်တင်ကုန်ချကို ဦးစီးလုပ်ဆောင်နေသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး အလုပ်များနေခဲ့သည်။
အဆိုပါ အမျိုးသားမှာ ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး (CDM) ဟုခေါ်သော အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်လာကြရန် တက်တက်ကြွကြွ ဦးဆောင် စည်းရုံးလှုံ့ဆော်ခဲ့သူ ကျောင်းဆရာတစ်ဦးပင် ဖြစ်သည်။
သူသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ ခြားထားသော သောင်ရင်းမြစ်ကိုဖြတ်၍ နှစ်ဖက်နားလည်မှုဖြင့် ကုန်သွယ်မှု လုပ်ဆောင်နေကြသည့် ထိုနေရာတွင် CDM ဝန်ထမ်းအချို့ကို ဦးဆောင်ကာ ကုန်တင်ကုန်ချအလုပ်ကို လုပ်ကိုင်ရင်း မိသားစုစားဝတ်နေရေးအတွက် ဖြေရှင်းပေးနေသူတစ်ဦးဖြစ်သည်။
အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာကြသည့် CDM ဝန်ထမ်းများအတွက် အချိန်ကြာမြင့်လာသည်နှင့်အမျှ အကူအညီအထောက်အပံ့များ ရရှိမှုနည်းပါးလာသောကြောင့် ၎င်းတို့၏ မိသားစု ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရွေးချယ်စရာမရှိဘဲ ယခုလို ရုန်းကန်လုပ်ကိုင်စားသောက် လာရခြင်းဖြစ်ကြောင်း ကျောင်းဆရာက ပြောသည်။
ကနဦး အာဏာသိမ်းပြီးခါစတွင် CDM ပါဝင်ထားသူအနေဖြင့် အကူအညီ ဖောဖောသီသီရရှိခဲ့ကြသော်လည်း တော်လှန်ရေးကာလ ၃ နှစ်ကျော်ကြာမြင့်လာချိန်တွင် အကူအညီထောက်အပံ့များ တဖြည်းဖြည်းလျော့နည်းလာပြီး နောက်ထပ် ရှောင်ပြေးစရာနေရာမဲ့နေသည့် CDM ဝန်ထမ်းအချို့အတွက် ရပ်တည်ရေးမှာ စိန်ခေါ်မှုဖြစ် လာသည်ဟု ကျောင်းဆရာက ပြောပြသည်။
“တော်လှန်ရေး အစမှာတုန်းကတော့ Support (ထောက်ပံ့မှု)တွေလည်း အများကြီးရှိတယ်လေ။ ဒီကနယ်မြေ တာဝန်ရှိသူတွေကလည်း ရိက္ခာပစ္စည်းတော်တော်များများ ပြည့်ပြည့်စုံစုံနဲ့ ထောက်ပံ့ပေးကြတယ်။ အဲ့အချိန်တုန်းကတော့ ငွေရေးကြေးရေးအရလည်း အခက်အခဲမရှိကြဘူး။ ရိက္ခာတွေ ထောက်ပံ့တဲ့အချိန်က မသိသာပေမဲ့ နောက်ပိုင်းကျတော့ ရိက္ခာတွေ မထောက်ပံ့နိုင်တော့တဲ့အချိန်မှာ လုပ်ငန်းကိုင်ငန်းတွေကလည်း ဒီနယ်ပယ်သားတွေ မဟုတ်တဲ့အခါကျတော့ အခက်အခဲရှိကြတယ်” ဟု ကျောင်းဆရာက CDM များ ကြုံတွေ့ရသည့်အခြေအနေကို ပြောပြသည်။
ယခုလို အထောက်အပံ့များ ခက်ခဲလာသည့်အချိန် CDM အများစုမှာ မိမိနယ်ပယ်ဒေသမဟုတ်သောကြောင့် မိသားစုဆက်လက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် နယ်မြေခံလည်းဖြစ်သလို ရိုးသားပြတ်သားသည့် ဂုဏ်ပုဒ်ကြောင့် ကျောင်းဆရာသည် CDM အသိုင်းအဝိုင်း၏ အားကိုးအားထားရာ လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ကရင်ပြည်နယ်သားဖြစ်သည့် ကျောင်းဆရာသည် အာဏာသိမ်းမှုစတင်ရာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက သပိတ်ဦးဆောင်သူနှင့် CDM တွင် ပါဝင်ရေးလှုံ့ဆော်အားပေးသူအနေဖြင့် ဒေသအာဏာပိုင်များ၏ အငြိုးထားလိုက်လံဖမ်းဆီးခြင်းကို အကြိမ်ကြိမ်ခံခဲ့ရပြီးနောက် အာဏာသိမ်းပြီး ၃ လအကြာ ဧပြီလတွင် လွတ်မြောက်နယ်မြေသို့ ရှောင်တိမ်းရန် ရောက်လာခဲ့သည်။
ယခင်က ကရင်ပြည်နယ်၏ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းမှာ လစာကောင်းကောင်းဖြင့် ကျောင်းဆရာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သော်လည်း အာဏာသိမ်းမှုကို ပေါ်ပေါက်လာသည့်အပေါ် လက်မခံသောကြောင့် ဆန္ဒပြသပိတ်စစ်ကြောင်းများကို ဦးဆောင်ခဲ့သလို CDM လှုပ်ရှားမှုအတွက်လည်း တက်တက်ကြွကြွ စည်းရုံးလှုံ့ဆော်ပေးခဲ့သည်။
ထို့အတွက် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေထဲသို့ ထွက်ပြေးခိုလှုံလာခဲ့ရပြီး သက်ဆိုင်ရာတာဝန်ရှိသူများ စဉ်နေရာချထားရာ CDM Camp(စခန်း)တွင် CDM ဝန်ထမ်းများနှင့်အတူနေထိုင်ခဲ့ရ၍ ကျောင်းဆရာဖြစ်ဖူးခဲ့သောကြောင့် လူနာမည်အရင်းထက် ကျောင်းဆရာအနေဖြင့်သာ CDM အကြား အသိများခဲ့ကြသည်။
ကျောင်းဆရာအနေဖြင့် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးခိုလှုံလာပြီးနောက် CDM ဝန်ထမ်းအချို့လိုအကူအညီ အထောက်အပံ့မရရှိသည့်အတွက် ကနဦးတွင် CDM ဝန်ထမ်းအချို့ကို ခေါ်ယူ၍ ၎င်းတတ်မြောက်ရာ ဆောက်လုပ်ရေးပညာဖြင့် နေအိမ်အဆောက်အဦးများ လိုက်လံဆောက်လုပ်ပေးရင်း ရပ်တည်ခဲ့ရသည်။
တစ်ခါတစ်ရံ နယ်စပ်မှတစ်ဆင့် တစ်ဖက်ကမ်း ထိုင်းနိုင်ငံသို့ မှောင်ခိုစျေးကွက်ဖြင့် ပို့ဆောင်မည့် ကျွဲ၊ နွားများကိုလည်း အခကြေးငွေယူ၍ ပို့ဆောင်ပေးခြင်း၊ စုပြုံရောက်ရှိလာသည့် နွားများကို ထိန်းကျောင်းပေးခြင်းမျိုး စသည့် အလုပ်များကိုလည်း လုပ်ဆောင်ရင်း ဝင်ငွေရှာခဲ့ကြသည်။
“နွားကုန်သည်တွေ တော်တော်များက ကျနော့်အသိတွေဖြစ်တော့ CDM ကလေးတွေနဲ့ နွားဆွဲတဲ့ အလုပ်တွေလုပ်တယ်။ နွားကူးပေးတယ်။ နွားကျောင်းတယ်။ အဲ့လိုလုပ်ရင်းနဲ့ ကျနော်တို့ ဖြတ်သန်းကြတာပေါ့။ နောက်ပိုင်း နွားလမ်းကြောင်းတွေက ဒီဘက်က မကောင်းတော့တဲ့ အချိန်မှာ ပိုပြီးတော့ကြပ်တည်းကုန်တယ်။” ဟု ဖြတ် သန်းရသည့် အတွေ့အကြုံအချို့ကို ကျောင်းဆရာက ရှင်းပြသည်။
ပညာတတ် ကျောင်းဆရာတစ်ဦးဖြစ်၍ နိုင်ငံရေးအလှည့်အပြောင်းကြောင့်ယခုလို ခက်ခဲကြမ်း တမ်း သည့် အလုပ်အကိုင်များကို ရွေးချယ်လုပ်ကိုင်နေရသော်လည်း ကျောင်းဆရာအနေဖြင့် ၎င်းတစ်ကိုယ်တည်းအတွက် အပူအပန်မရှိ ရှင်သန်ရပ်တည်နိုင်သည်ဟု ဆိုသည်။
သို့သော် နိုင်ငံရေးခံယူချက်ကြောင့် တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာက ပေးဆပ်နေဆဲ ဘဝတူ CDM ဝန်ထမ်းများ၏ အခက်အခဲကို သိရှိနားလည်သလို ၎င်းကိုယ်တိုင် နိုင်ငံရေး စိတ်ဆန္ဒ ပြင်းပြနေဆဲ ဖြစ်သောကြောင့် လက်ရှိနေရာကို မစွန့်ခွာရက်ဘဲ CDM ဝန်ထမ်းများအတွက် ရှေ့က ဦးဆောင်ကာ အတူတူ ဆက်လက် ရုန်းကန်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျနော်က ဘာအထောက်အပံ့မှလည်း မရှိဘူး။ အလှူလိုက်ခံတာလည်း မလုပ်ဘူး။ ကျနော့်အတွက် ပြဿနာ မရှိဘူး။ ဘန်ကောက်မှာ ကျနော့် ညီအစ်ကိုမောင်နှမတွေ ရှိတယ်။ ကျနော့်တစ်ကိုယ်ရေတစ်ကာယ အတွက်ပဲ ဆိုရင်တော့ ဘန်ကောက်ကို ချက်ချင်းသွားလို့ရတယ်။ ကျနော် ဒီနေရာကို နောက်ပိုင်း ပိုနေချင်စိတ်တွေ ပိုပြီးဖြစ်လာတယ်။ ဒီက CDM မိသားစုတွေရဲ့ အခက်အခဲက ကိုယ်တွေ အတူတူနေတော့ သိတယ်။ တော်တော့်ကို ခက်ခဲတယ်။” ဟု မျက်မြင်တွေ့ရှိသည့် CDM များ၏ အခက်အခဲကို ကျောင်းဆရာက ရှင်းပြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို မလိုလားသည့် အစိုးရ ဝန်ကြီးဌာနအသီးသီမှ ဌာနဆိုင်ရာဝန်ထမ်းများသည် CDM လှုပ်ရှားမှုတွင် ပါဝင်လာခဲ့ကြပြီး လက်ရှိအချိန်ထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ စာရင်းသွင်းထားသူ CDM ဝန်ထမ်းလေးသိန်းကျော်ရှိနေသည်ဟု သိရသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပါဝင်သူများကိုလည်း စစ်ကောင်စီက အမည်ပျက်စာရင်း (Black List) သွင်းထားခြင်းကြောင့် ပြည်ပနိုင်ငံသို့ ထွက်ခွာရန် အဆင်မပြေကြသလို နယ်စပ်ဒေသကိုလည်း လာရောက်တိမ်းရှောင်ခိုလှုံရန် အခက်အခဲရှိကြသူအချို့လည်းရှိပြီး ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေကြရသည်။
အဆိုပါ CDM တွင် ပါဝင်သူများကိုလည်း ပြည်တွင်းပြည်ပ အလှူရှင်များ၊ မိမိနိုင်ငံသားများက ပုံစံမျိုးစုံဖြင့် ထောက်ပံ့ကူညီပေးကြသော်လည်း အကူအညီအထောက်အပံ့မရရှိဘဲ လူမသိသူမသိ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရသည့် CDM ဝန်ထမ်း မိသားစုများလည်း အများအပြားရှိနေသေးသည်။
သို့သော် ကျောင်းဆရာ၏ ဦးဆောင်မှုဖြင့် ကြုံရာကျပန်းလုပ်ငန်းလုပ်ကိုင်နေရသည့် CDM ဝန်ထမ်းများတွင် ရဲ၊ စစ်တပ်၊ ဌာနဆိုင်ရာ အုပ်ချုပ်ရေး နှင့် ပညာရေးအစရှိသည့် CDM ဝန်ထမ်းများပါဝင်သလို နိုင်ငံရေးအရ အကြောင်းမျိုးမျိုးကြောင့် ထွက်ပြေးခိုလှုံလာသူများလည်း ပါဝင်ကြပြီး ကျောင်းဆရာ၏ ဦးဆောင်မှုကို အားကိုးယုံကြည်ကြသည်။
“သူက လူမာဗျာ့။ စကားပြောရင် ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်တယ်။ သူ့ကိုကြည့်ရင် ခတ်ထန်တဲ့ ပုံစံရှိပေမဲ့ စိတ်ရင်းက တကယ်ကောင်းတယ်။ ဒီက CDM တွေကလည်းသူ့ကို အတော်လေး အားကိုးကြတယ်။ ကိစ္စတော်တော်များများက သူပဲဦးဆောင်ပြီး လုပ်ပေးနေရတာ။ သူပြီးရင် ပြီးတယ်။” ဟု ကျောင်းဆရာနှင့် ရင်းနှီးသူ ပညာရေး CDM ဝန်ထမ်းတစ်ဦးက ပြောပြသည်။
လက်ရှိ ကျောင်းဆရာနှင့်အတူ ကုန်တင်ကုန်ချသည့် အလုပ်ဖြင့် CDM ဝန်ထမ်းမိသားစုများမှာ စားဝတ်နေရေးအတွက် အထိုက်အလျောက် အဆင်ပြေနေကြသော်လည်း မိမိနယ်ပယ်မဟုတ်သည့် အလုပ်ကြမ်းနှင့် ရာသီဥတုဆိုးရွားမှုဒဏ်ကြောင့် ပင်ပန်းပြီးနေထိုင်မကောင်းမှုများလည်း ထိခိုက်ခံစားကြရသည်။
၎င်းအပြင် ပညာတတ် နိုင်ငံ့ဝန်ထမ်းများဖြစ်ခဲ့ဖူးသော်လည်း အခြေအနေအရ ယခုလို ကုန်တင်ကုန်ချသည့် အလုပ်မျိုးကို လုပ်ဆောင်နေရသောကြောင့် ကုန်ကားသမားများ၊ လုပ်ငန်းရှင်အချို့နှင့် ပတ်ဝန်းကျင် လူထုအချို့၏ အထင်အမြင်သေး ဆက်ဆံခံရခြင်းမျိုးလည်း ကြုံတွေ့ ကြရ၍ စိတ်ပိုင်းဆိုင်ရာဒဏ်ရာရသူများလည်းရှိကြောင်း ကျောင်းဆရာက ရှင်းပြသည်။
“ရုံးတွေမှာ ဘောပင်လေးတစ်ချောင်းနဲ့ အလုပ်လုပ်ခဲ့ရတဲ့ ဘဝကနေ အခုလို ဘဝအချိုးအကွေ့ မှာကျတော့ ပုံမှန်သွားနေတဲ့ လူတွေထက် အများကြီး ပင်ပန်းတယ်။ ပြီးတော့ ကုန်သည်တွေ ဘန်ကောက်က ပြန်လာတဲ့ သူတွေက သူတို့ကို ကူလီ(ကုန်ထမ်းသမား)လိုပဲ မြင်တာလေ။ ကျနော်တို့က အဲ့ဒဏ်ကိုပါခံရတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေက ဒီနေရာနဲ့ ထိုက်တန်တဲ့သူတွေ မဟုတ်ဘူး။ လူလည်းပင်ပန်းသလို လူတွေရဲ့ အထင်သေး၊အမြင်သေး ဆက်ဆံမှုကြောင့် ပြန်ပြောလို့မရတဲ့ အနေအထားမှာ စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်ရတဲ့သူတွေ ရှိတယ်။” ဟုဆိုသည်။
ယခုလို ဆက်ဆံခံရသည့် အခြေအနေမျိုးကိုလည်း ကျောင်းဆရာအနေဖြင့် သတိထားစောင့်ကြည့်ပြီး ၎င်းနှင့်ဘဝတူ အလုပ်သမားများဘက်က ရပ်တည်ကာကွယ်ပြောဆိုပေးရတာမျိုးလည်း ကြုံတွေ့ရသည်ဟု ကျောင်းဆရာက ပြောပြသည်။
ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံစားရသော်လည်း CDM တွင် ပါဝင်ခဲ့ခြင်းကြောင့် နောင်တရခြင်းမျိုးမရှိကြသလို တော်လှန်ရေးအောင်မြင်သည်အထိ ဆုံးခန်းတိုင် ဆက်လက်ပါဝင်သွား ကြရန် သာ ဆုံးဖြတ်ထားကြသည်ဟုလည်း CDM ဝန်ထမ်းများက တစ်ညီတစ်ညွတ်တည်း ပြောဆိုကြသည်။
သို့သော်တစ်ဖက်တွင် အာဏာသိမ်းစစ်အုပ်စုအနေဖြင့်လည်း နိုင်ငံ၏လူသားအရင်းအမြစ် ဆုံးရှုံးမှုဟု ခေါင်းစဉ်တပ်ကာ CDM တွင်ပါဝင်ပြီး အမည်ပျက်စာရင်း(Black List) သွင်းခံထားရသူများကို စာရင်း ပယ်ဖျက်ဖြေလျှော့ ပေးမည်ဟု စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က မက်လုံးပေး ထုတ်ပြန်လာသော်လည်း စိတ်ဝင် စားမှုမရှိကြကြောင်း ဆိုကြသည်။
အကူအညီအထောက်အပံ့ လျော့နည်းလာခြင်းကြောင့် ဘဝရပ်တည်ချက်များ ပြောင်းပြန်ဖြစ်သွားကြ သော်လည်း လူထုထံမှ အကူအညီအထောက်အပံ့များရယူပြီး တော်လှန်ရေးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ကြသလို အဆင်ပြေသလို ရုန်းကန်လှုပ်ရှားရင်း တော်လှန်ရေးကို အမြန်ဆုံးအောင်မြင်စေချင်ကာ အိမ်ပြန်ချင်ကြသည့် စိတ်ဆန္ဒသာ ရှိကြသည်ဟုလည်း ကျောင်းဆရာက ဆိုသည်။
၎င်းအပြင် နိုင်ငံရေးယုံကြည်ချက်တစ်ခုကြောင့် ယခုလို လူမသိ၊ သူမသိ ဘဝနှင့်ရင်းပြီး အနစ်နာခံ ပေးဆပ် နေကြရသူ အညာတရ CDM ဝန်ထမ်းများကိုလည်း ကြီးမားသည့် အခွင့်အရေးမဟုတ်သည့်တိုင် မြန်မာ့နွေဦးတော်လှန်ရေး ပြီးဆုံးအောင်မြင်သွားခဲ့လျှင် အသိအမှတ်ပြုခံရမှု တစ်စုံတစ်ရာရရှိသွားလျှင်ဖြင့် ကျေနပ်ပြီးဖြစ်ကြောင်း ကျောင်းဆရာက ယခုလို ပြောဆိုသွားသည်။
“လူထုက ကျနော်တို့ဘက် ရပ်တည်နေတဲ့အတွက် ဒီတော်လှန်ရေးက နိုင်မယ်လို့တော့ အမြဲတမ်းယုံကြည်ထားတယ်။ ဒီမှာက လူမသိ၊သူမသိဘဲ ပေးဆပ်နေရတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါတွေကို တော်လှန်ရေး ပြီးသွားခဲ့ရင်တော့ လူကြီးတွေအနေနဲ့ ဒီလူတွေကိုလည်း မမေ့ဖို့ ပြောချင်ပါတယ်” ၎င်း၏ ဆန္ဒကို ထုတ်ဖော် ပြောဆိုသွားလေတော့သည်။