ကျွန်းစုတွင် စစ်ကောင်စီက အရပ်သားလှေများကို ချောဆွဲ၊ ငွေကောက်ခံမှုများ လုပ်ဆောင်နေ

ကျွန်းစုတွင် စစ်ကောင်စီက အရပ်သားလှေများကို ချောဆွဲ၊ ငွေကောက်ခံမှုများ လုပ်ဆောင်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားလှေများကို ချောဆွဲ၍ ငွေကောက်ခံမှုများကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ မောင်းလှော်ရွာ၊ မင်းဂုတ်ရွာနှင့် ဝါရစ်လှေဆိပ်များတွင် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ပြီး ဒေသခံများ၏ ကျောက်တင်လှေများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စာရင်းကောက်ယူကာ ချောဆွဲ၍ ရေလမ်းခရီး ပို့ဆောင်ခိုင်းခြင်းနှင့် ငွေကြေးများကိုပေးဆောင်နေရသည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကယ်ရေးတပ်၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ငမန်းက အခုလို အတည်ပြုပြောသည်။

“ကျောက်တင်လှေတွေကို အငယ်တွေကိုပေါ့ သူတို့ဘယ်သွားချင်တယ် ဆိုရင်၊ လိုက်ပြီးတော့ ပို့ဆောင်ပေးရတယ်။ ဒီမင်းဂုတ်ရွာတွေ ဘက်ကနေပြီးတော့ ဒေသခံတွေရဲ့ လှေတွေကိုချောဆွဲတဲ့သဘောနဲ့ လုပ်ဆောင်ပြီး တော့ အလှည့်ကျသူတို့သွားချင်တဲ့ နေရာတွေကို ပို့ဆောင်ပေးရတယ်။ အဲ့လိုအခြေနေမျိုးတွေ ရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မဖြစ်မနေ ရေလမ်းခရီးဖြင့် ပို့ဆောင်ပေးနေရသည့်အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ချိန် ကြားညှပ်မည်ကို စိုးရိမ်လျက်ရှိသည်ဟုလည်း ကျွန်းစုမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ၎င်းကျေးရွာများရှိ ပျူစောထီး(ပြည်သူ့စစ်)တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်များနှင့် ပူးပေါင်းကာ လှေတစ်စီးလျှင် ၅၀,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ်အထိ လှေအမျိုးအစားပေါ် မှုတည်ကာ ငွေကောက်ခံမှုများ လုပ်ဆောင်လျက်ရှိနေသည်ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ရွာတွေက ပျူစောထီးတွေကနေပြီးတော့ အခွန်တွေကို အဓိကကောက်ပြီး ဂိတ်တွေမှာ ထိုင်တဲ့ စစ်တပ်ကိုပြန်ပြီး ပေးရတယ်။ ဂိတ်တွေကနေပြီးတော့မှ လှေတွေကိုတစ်ဆင့် လှေအမျိုးအစားပေါ်ကိုကြည့်ပြီးတောင်းတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် အလားတူ ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း ကျွန်းစုမြို့နယ်အတွင်းရှိ မင်းဂုတ်ရွာမှ ပျူစော ထီးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာအတွင်း ငွေကောက်ခံနေသည့်အပြင် ပင်လယ်ပြင်၌ ငါးဖမ်း လုပ်ငန်းလုပ်ကိုင် နေကြသည့် ဒေသခံများကိုလည်း လက်နက်များကိုင်ဆောင်ကာ ခြိမ်းခြောက် ငွေတောင်းကြမ်းနေပြီး ငါးဖမ်းစက် လှေ တစ်စီးလျှင် အနည်းဆုံး ကျပ်ငါးသောင်းမှ တစ်သိန်းကြား ငွေပေးနေရသည်ဟု ရေလုပ်ငန်း လုပ်ကိုင်နေသူ အခြား ဒေသခံတစ်ဦးက ပြောဆိုသည်။

ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်များ ကြားမကြာခဏ တိုက်ပွဲများ ဖြစ်ပွား လေ့ရှိပြီး စစ်ကောင်စီမှ လေကြောင်း၊ ရေကြောင်းနှင့် စစ်ကြောင်းများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပြည်သူ ၃,၀၀၀ ဦးကျော် နေ့ရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု သုသေသန အဖွဲ့အစည်းတစ်ခုဖြစ်သည့် FE-5 Tanintharyi ၏ လစဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓတ်ပုံ - CJ

Most read this week

ဓာတ်ပုံ - BPLA
November 4, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၅)၊ ဖာပွန်ခရိုင်ရှိ ခေါပုတ်စခန်းမှ စွန့်ခွာ ထွက်...
November 4, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး...
November 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်...
October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...