ပြင်ဦးလွင် တပ်မိသားစုဝင်များကို စစ်ကောင်စီ ကြိုတင်စစ်ရှောင်ခိုင်း

ပြင်ဦးလွင် တပ်မိသားစုဝင်များကို စစ်ကောင်စီ ကြိုတင်စစ်ရှောင်ခိုင်း

သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက ကြိုတင်တိမ်းရှောင်ထားရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ (၂၁) ရက်မှ စတင်ပြီး ပြင်ဦးလွင်မြို့နှင့် မိုင်(၂၀) ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မြေပြင်စစ်ရေး ပြင်းထန်နေခြင်းကြောင့် တိုက်ပွဲကူးစက်လာနိုင်သည့်

ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို ကြိုတင်တိမ်းရှောင်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။

“တပ်ထဲက သက်ကြီးနဲ့ ကလေးတွေကိုတော့ တခြားမြို့ ပြောင်းခိုင်းနေတယ်။ ဒီမှာ တာဝန်ကျတဲ့ စစ်သားမိန်းမ တချို့ဆရာမတွေ တောင်ကြီးဘက် ကျောင်းပြောင်းသွားတယ်။ အခု မိသားစုအကုန်လုံး အဲ့ဘက်လိုက်နေခိုင်းတယ်။ တချို့လည်း မန်းလေးတို့ အောက်ပြည်ဘက် နေရပ်ပြန်ကုန်တယ်”ဟု စစ်တပ်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီသည် တပ်မိသားစုဝင်များကို ဘေးလွတ်ကင်းရာ အခြားမြို့များသို့ ပြောင်းရွှေ့ခိုင်းနေသော်လည်း ပြည်သူများ မြို့ကို စွန့်ခွာပါက ကျန်ရှိသည့် နေအိမ်နှင့် ဟော်တယ်များ၊ ဆိုင်များ ဖောက်ထွင်းလုယက် ခံရနိုင်သဖြင့် မြို့ကို စွန့်ခွာမှု မပြုသင့်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်နေသည်ဟု မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ပထမ အပတ်က တိုက်ပွဲများ မြို့တွင်းနီးကပ်လာသဖြင့် ပြင်ဦးလွင်မြို့ခံ အများအပြား မြို့ကို စွန့်ခွာထွက်ပြေးခဲ့သည့် ဖြစ်စဉ်ကြောင့် ယခုတကြိမ် မြို့ကိုစွန့်ခွာခြင်း မပြုရန် စစ်ကောင်စီက ခြိမ်းခြောက် ဝါဒဖြန့်နေခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၉) ရက်နေ့မှ စတင်ကာ ပြင်ဦးလွင်အနီး နောင်ချိုမြို့နယ်အတွင်း ဂန့်ဂေါ်ရွာ တိုက်ပွဲများ စတင်ခဲ့ရာ ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နံနက်ပိုင်း အထိ တိုက်ပွဲများ ပြင်းထန်နေပြီး ပြင်ဦးလွင် အနီးမှ စစ်ကောင်စီ လက်နက်ကြီး ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

Most read this week

October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...
October 21, 2024
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA...