ကချင်နယ်ခြားစောင့်တပ်(BGF) ဌာနချုပ်အခြေစိုက်ရာ ပန်ဝါမြို့ကို KIA၊PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ကချင်နယ်ခြားစောင့်တပ်(BGF) ဌာနချုပ်အခြေစိုက်ရာ ပန်ဝါမြို့ကို KIA၊PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ မနေ့က အောက်တိုဘာလ ၁၈ ရက်နေ့ညမှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြို့ခံတွေကပြောပါတယ်။

KIA က မြို့အတွင်း ဝင်ရောက်ခဲ့ပြီးတဲ့နောက် ပြည်သူ့စစ်တွေရှိမရှိ နေအိမ်တွေနဲ့ လမ်းပေါ်တွေမှာ လိုက်လံစစ်ဆေးတာတွေကို ပြုလုပ်နေတယ်လို့ပန်ဝါဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“မနေ့ညကတည်းကနေ ဝင်လာတယ်။ မနေ့ညသန်းခေါင်မှာ လိုက်စစ်သေးတယ်။ လမ်းပေါ်မှာအိပ်တဲ့သူတွေကိုလည်း စစ်တယ်။ ပြည်သူစစ်တွေကတော့ အရပ်ဝတ်နဲ့ လျှောက်သွားနေတယ်။ တချို့ကတော့ အရပ်ဝတ်နဲ့ ပုန်းနေကြတယ်။“ လို့ ဒေသခံက ဆိုပါတယ်။

ပြည်သူ့စစ်လူကြီးပိုင်းတွေကတော့ တရုတ်ပြည်ဘက်ကို ပြေးသွားကြပြီး ကျန်ပြည်သူ့စစ်သားတွေကတော့ ကိုင်ဆောင်ထားတဲ့ လက်နက်တွေကို ဖွက်လိုက်ပြီး ပြည်သူတွေကြားမှာ အရပ်ဝတ်တွေနဲ့ ရောနှောနေထိုင်နေကြတယ်လို့ နောက်ထပ်ပန်ဝါဒေသခံတစ်ဦးဆီက သိရပါတယ်။

တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံဘက်အခြမ်းမှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ကုန်ကားတွေ ပြန်ဝင်လာနိုင်ဖို့အတွက်သာ ဂိတ်ကိုခဏဖွင့်ပေးပြီး ပြန်ပိတ်ထားလိုက်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

နယ်စပ်ဂိတ်အနီး တိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေဟာ မနေ့ညက ဂိတ်အနီးမှာပဲ အိပ်ခဲ့ကြပြီး ဒီနေ့မနက်မှာတော့ တချို့က မိမိနေထိုင်ရာနေရာအသီးသီးကို ပြန်သွားကြတယ်လို့ သိရပါတယ်။



အခုချိန်မှာ KIA တပ်တွေအနေနဲ့ နယ်မြေရှင်းရေးလုပ်တာတွေနဲ့ ပြန်လည်စောင့်ကြည့်နေရာယူတာတွေကို ပြုလုပ်နေတယ်လို့ နောက်ထပ်ပန်ဝါဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ဒီထက်ပါကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းနဲ့ဆက်သွယ်တဲ့အချိန် လက်ခံဖြေကြားတာ မရှိပါဘူး။

KIA ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ချီဖွေမြို့အပါ ပန်ဝါမြို့တစ်လျှောက်က ဂိတ်တွေနဲ့ စခန်းတွေကို အားလုံးသိမ်းပိုက်ထားနိုင်ပြီ ဖြစ်တဲ့အပြင် အောက်တိုဘာလ ၁၄ ရက်နေ့ညနေမှာ ကချင်အထူးဒေသ(၁) ၁၀၀၂ တပ်ကိုလည်း သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။

မနေ့အောက်တိုဘာလ ၁၇ ရက်နေ့မှာ တရုတ်နယ်စပ်ဂိတ်ရှိရာ ကန်ပိုက်တီမြို ဆဒုံးကျေးရွာကြားက အမှတ်(၁၀၀၃)နယ်ခြားစောင့်တပ်(စင်ကြိုင်)ရှိ ကာကင်းစခန်း(၃)ခု ကိုလည်း သိမ်းပိုက်ထားနိုင်ပြီလို့လည်း သိရပါတယ်။

ဒါ့အပြင် KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ ချီဖွေမြို့နဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ဆော့လော်မြို့တို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုချိန်မှာတော့ ဝိုင်းမော်မြို့ကလွဲပြီး မြို့အရှေ့ဘက် (ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်)နဲ့ ချီဖွေမြို့နဲ့ ဆော့လော်မြို့ကတော့ KIO/KIA ရဲ့ ထိန်းချုပ်ဧရိယာအတွင်းမှာ ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ကချင်နယ်ခြားစောင့်တပ်(NDAK) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...