မောင်တောနခခ(၅) ဌာနချုပ်တိုက်ပွဲ လေကြောင်းပစ်ကူမှုများနေ၍ အပြီးသတ်မသိမ်းနိုင်သေး

မောင်တောနခခ(၅) ဌာနချုပ်တိုက်ပွဲ လေကြောင်းပစ်ကူမှုများနေ၍ အပြီးသတ်မသိမ်းနိုင်သေး

ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း စစ်ကောင်စီမှ လေကြောင်းကို အသုံးပြုပြီး အဆက်မပြတ်ဗုံးကြဲနေ၍ စခန်းသိမ်းတိုက်ပွဲမှာ မပြတ်နိုင်သေးဘဲ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

"နခခ(၅)ကို AAက မြေပြင်က အသေအလဲ ကျားထိုးတိုက်ခိုက်နေတာ ၃ ရက်ရှိနေပြီ။ လေကြောင်းက ပစ်ကူမှုတွေများနေတော့ ပွဲက မပြတ်နိုင်ဘဲ ဖြစ်နေတယ်။ လူတိုင်းကတော့ နခခ ၅ တိုက်ပွဲကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြရတယ်။ ဒီပွဲက မောင်တောမြို့ရဲ့ နောက်ဆုံး အဆုံးအဖြတ်ပွဲဆိုတော့။ လေယာဉ်ကတော့ နေ့ရော ညရော တရစပ်ပဲ လာပြီး ဗုံးကြဲတာ။ အပြင်းအထန်ပဲ"ဟု ‌ဒေသအတွင်းက စစ်ပွဲများကို စောင့်ကြည်နေသူ တစ်ဦးကပြောသည်။

“  နခခ(၅) တပ်ရင်းကို  စစ်ကောင်စီမှ ဂျက်တိုက် လေယာဉ်တစ်စီးဖြင့် အောက်တိုဘာ ၁၆ ရက် ညသန်ခေါင်ကျော် ၁၂ နာရီ ၅ မိနစ်တွင် ဗုံးကြဲခဲ့သလို ည ၁၂ နာရီ ၃၀ တွင်လည်း နောက်ထပ် ဂျက်တစ်စီးနဲ့ ဗုံးလာကြဲခဲ့တယ်။ ည ၁၂ နာရီက  ၂ နာရီကျော် အထိ Y-12 နဲ့ ဗုံး အလုံး ၄၀ လောက် ကြဲခဲ့‌တယ်” ဟု ၎င်းက ပြောသည်။

၎င်းပြင် ယမန်နေ့ အောက်တိုဘာ ၁၅ ရက် ည ၁၁ နာရီ ၅၀မိနစ်တွင် ဂျက်စီတစ်စီးဖြင့် လာရောက် ဗုံးကြဲခဲ့ကြောင်း မျက်မြင်ဒေသခံများက‌ ပြောဆိုသည်။

"ဂျက်နဲ့လာပြီး နေ့စဉ်ဗုံးကြဲနေတာမရေတွက်နိုင်တော့ဘူး။ အဲဒီ နခခ ၅ က ကျလု ကျလုနဲ့ လေယာဉ်တွေက ဆက်တိုက်ဗုံးကြဲနေတော့ တိုက်ပွဲက ရှည်ကြာနေတယ်။ စစ်တပ်လေယာဉ်ကတော့ အစိုးရရုံးတွေပါမကျန် ဗုံးကြဲတာ။ ဌာနဆိုင်ရာ ရုံးတွေ စုတ်ပြတ်သတ်သွားပြီ”ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ဗုံးဆက်တိုက်ကြဲနေသဖြင့်  သုံးမိုင် UNHCR ရုံး နဲ့ အခြား INGO ရုံးများလည်း အပျက်အစီး ရှိကြောင်း သိရသည်။

“ ရုံးတွေကတော့ အားလုံးနီးပါး ထိခိုက်တယ်။ ကညင်တန်းက BAJ ရုံး နဲ့ လူကယ်ပြန်နဲ့ ဘေးစီမံရုံးလည်း ကြွေမွသွားခဲ့ပြီ။ နခခ(၅)အနီး မှာရှိတဲ့ ရုံးအဆောက်အအုံတွေလည်း ပြိုကုန်ပြီ"ဟုသတင်းရင်းမြှစ်ကပြောဆိုသည်။

ထိုအတူ စစ်ကောင်စီမှ နေစဉ်ရက်ဆက် ဂျက်များဖြင့်ဗုံးကြဲမူကြောင့် ပန်းတောပြင်၊ ညောင်ချောင်း၊ ဇူလ စသည့် မွတ်ဆလင်‌ကျေးရွာများရှိ နေအိမ်အချို့ မီးလောင်သွားခဲ့ရသည်ဟု သိရသည်။

နတ်မြစ်၀ရှိ စစ်ကောင်စီရေယာဉ်ကလည်း တိုက်ပွဲဖြစ်ပွားနေရာသို့ လက်နက်ကြီးများဖြင့်  ပစ်ခတ်မူများရှိနေပြီး နေဗီပစ်ခတ်သည့် လက်နက်ကြီး ကျည်ဆံများမှာ ရွာသာယာကျေးရွာတွင် ကျရောက်ပေါက်ကွဲသဖြင့် နေအိမ်တစ်လုံးပျက်စီးသွားခဲ့ရသည်ဟု သိရသည်။

မောင်တော နခခ ၅ တိုက်ပွဲအတွင်း ဂျက်တိုက်‌ လေယာဉ်များနှင့်  Y-12 ဗုံးကြဲလေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲနေသလို စစ်နေဗီများကလည်း  အမြောက်များဖြင့် ပစ်ခတ်နေသောကြောင့်  ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း ဒေသခံများထံမှသိရသည်။

October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...
October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...