ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်တွင် EAO များ ပူးပေါင်းရန် စစ်ခေါင်းဆောင်ပြော

ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်တွင် EAO များ ပူးပေါင်းရန် စစ်ခေါင်းဆောင်ပြော

သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ (EAOs)များ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ထိုးခြင်း (၉) နှစ်ပြည့် အခမ်းအနား မိန့်ခွန်းတွင် စစ်ခေါင်းဆောင်က ထိုသို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

၎င်းအပြင် လာမည့် ရွေးကောက်ပွဲအကြိုကာလတွင် EAO များ အပါအဝင် တိုင်းရင်းသား လူထု တစ်ရပ်လုံးပါ လုံခြုံရေးသတိ၊ လုံခြုံရေးအမြင်များထားရှိပြီး အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းသည့်အပြင် မိမိတို့လိုလားချက်ကို လက်နက်ကိုင်အကြမ်းဖက်နည်းနှင့် တောင်းဆိုပါက လိုက်လျောပေးနိုင်မည်မဟုတ်ကြောင်းလည်း စစ်ခေါင်းဆောင်၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

ယခုလို စစ်ကောင်စီက ၎င်းတို့၏ ဦးတည်ချက်အတိုင်း ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ပြောဆိုနေ သော် လည်း နိုင်ငံအနှံ့ စစ်ရေးပဋိပက္ခဖြစ်ပွားနေပြီး ပြည်သူ့ ဆန္ဒထင်ဟပ်သည့် ရွေးကောက်ပွဲ မဖြစ်နိုင်ဟု နိုင်ငံရေးလေ့လာသုံး သပ်သူများက မကြာခဏ ထုတ်ဖော်ပြောဆိုထားသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် NCA လမ်းကြောင်းအတိုင်း ဆက်သွားမည်ဖြစ်သလို ၎င်းတို့ နိုင်ငံ့တာဝန်ယူသည့်နောက် အာမခံထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ထဲက သန်းခေါင်စာရင်း ကောက်ယူပြီး နောက်ဆုံးအဆင့်ဖြစ်သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက် နိုင်ရန် ဒေသအလိုက် လုံခြုံမှုရှိအောင် ဆောင်ရွက်သွားမည်ဟု ထိုမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်တွင် မမျှော်လင့်ဘဲ ဖြစ်ပေါ်ခဲ့သည့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် တချို့သော EAO များက NCA တွင် လက်မှတ်ရေးထိုးထားသည့် ကတိများကို ဖောက်ဖျက်ပြီး NUG၊ CRPH တို့ကို တဖက်လှည့်နှင့် ထောက်ခံအားပေးသလို PDF အဖွဲ့တွေကိုလည်း ထောက်ပံ့မှုမျိုးစုံပေးပြီး အားပေး အားမြောက်ပြုခဲ့ကြသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ယခုလို စစ်ကောင်စီက NCA နှစ်ပတ်လည်နေ့ အခမ်းအနားများ ပြုလုပ်နေပြီး NCA ကို ဆက်လက်စွဲ ကိုင်ထားကြောင်း ပြောဆိုနေသော်လည်း NCA တွင် ပါဝင်လက်မှတ်ထိုးခဲ့သည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးကမူ စစ်တပ်ကအာဏာသိမ်းလိုက်ပြီး NCA အခြေခံမူကို ချိုးဖောက်ခဲ့သည့်အတွက် NCA ပျက်ပျယ်သွားပြီးဟု ပြီးခဲ့သည့် ၂၀၂၃ ဩဂုတ်လကတည်းက ထုတ်ဖော်ပြောဆိုထားသည်။

ကေအဲန်ယူ၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “NCA နဲ့ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာ အကြောင်း မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း (၁) အခြေခံမူကို နင်းချေဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် NCA ရဲ့အခန်း(၁) ဟာ NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒါကို ဖျက်ဆီးလိုက်တဲ့အတွက် NCA ဟာ မရှိတော့ ပါဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ ကျနော်တို့ကို နိုင်ငံတကာ လှည့်စားခြင်းသော် လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ကိစ္စက ကျနော်တို့ နဲ့ ဘာမှမဆိုင်ဘူးဆိုတာလေးကို ပြောကြားချင်ပါတယ်” ဟု ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၈ ရက်နေ့ကတည်းက ပြောဆိုထားသည်။

NCA စာချုပ်သည် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ(PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့က လက်မှတ်ထိုးထားသည်။

ထိုသို့ လက်မှတ်ထိုးထားသော်လည်း စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း NCA ပျက်ပြယ်သွားပြီး NCA လမ်းကြောင်းအတိုင်းမလိုက်သည့် လက်နက်ကိုင်အဖွဲ့များရှိသလို NCA လမ်းကြောင်းအတိုင်း ဆက်သွားနေသည့် အဖွဲ့များလည်းရှိကြောင်း သိရသည်။

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...