အပစ်ရပ်ထားသည့် လက်နက်ကိုင်နယ်မြေများတွင် နည်းမျိုးစုံဖြင့် သန်းခေါင်စာရင်းဆက်ကောက်နေ

အပစ်ရပ်ထားသည့် လက်နက်ကိုင်နယ်မြေများတွင် နည်းမျိုးစုံဖြင့် သန်းခေါင်စာရင်းဆက်ကောက်နေ

ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း မျိုးစုံကြိုးပမ်းပြီး သန်းခေါင်စာရင်းဆက်လက်ကောက်ယူနေကြောင်း ဒေသခံသတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။

ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေများနှင့် KNU-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်မြေများထဲရှိ နယ်မြေခံလက်နက်ကိုင်ခေါင်းဆောင်များအား ညှိနှိုင်း၍ သန်းခေါင်စာရင်း ကောက် ယူရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်ဟု စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှု၊ အိမ်အ ကြောင်းအရာမေးမြန်းမှုများကို စောင့်ကြည့်သုတေသန စစ်တမ်းကောက်နေသည့် အရပ်ဖက် အဖွဲ့အစည်းဝင်တစ်ဦးက ပြောသည်။

၎င်းက “စစ်တပ်က မွန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကို ညှိနှိုင်းတယ်ပြီးတော့ ကော့ဘိန်းဘက်က မွန်ရွာတွေ၊ ကျုံဒိုးဘက်က မွန်ရွာတွေကို သန်းခေါင်စာရင်းကောက်တယ်။ KNLA /PC ငြိမ်းချမ်းရေး ကောင်စီ နယ်မြေဆိုလည်း ကရင်ရွာတွေ၊ ပအိုဝ်းရွာတွေသန်းခေါင်စာရင်းကောက်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် KNU နှင့် အခြားကရင်လက်ကိုင်အဖွဲ့တို့ ရောနှောထိန်းချုပ်နယ် မြေဖြစ်သော ဖားအံမြို့ခရိုင်အတွင်းမှ ခလောက်နို့၊ နောင်လုံ၊ အိန္ဒု၊ တောင်ကလေးနှင့် မိဇံကျေးရွာဘက်တွင် ကျေးရွာ အုပ်ချုပ်ရေးရုံး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် ရွာသားများအား လာရောက် စုဝေးပြီးစာရင်း ကောက်ယူမှုဆက်ရှိနေကြောင်း တောင်ကလေးကျေးရွာသားတစ်ဦး က ပြောသည်။

“ဖားအံက KNU ထိန်းချုပ်ဝင်ထွက်နေတဲ့ရွာတွေက ဘုန်းကြီးတွေ၊ ရပ်မိရပ်ဖတွေကိုညှိတယ်။ BGF တို့ PC တို့က သန်းခေါင်စာရင်းအဖွဲ့နဲ့ လုံခြုံရေးလိုက်ပေးတယ်၊ တောင်ကလေး၊ အိန္ဒု၊ အကုန်ပါတယ်။ ထီလုံ၊ ပတ၊ နဘူးအထိ မဲစာရင်းကောက်လို့ ရနေတယ်။ ပိုင်ကျုံ၊ လှိုင်းဘွဲ လည်း သန်းခေါင်စာ ရင်း ကောက်တယ်။ လာပြီးမေးတာဖြေတဲ့လူလည်းရှိသလို မလာဖြေကြတဲ့ လူလည်းရှိတယ်ဆိုတော့ စာရင်းက အတိအကျမရနိုင်ဘူး” ဟု ၎င်းရွာသားက ပြောသည်။

ဖားအံခရိုင်အတွင်း မြို့နယ်အချို့တွင် သန်းခေါင်စာရင်းကောက်ယူမှုအခြေအနေနှင့်ပတ်သက်၍ အမည်မဖော်လိုသူ လူငယ်တစ်ဦးကလည်း “ဖားအံတောင်ကလေး၊ ထီလုံမြို့နယ်က ကေအဲန်ယူ အုပ်ချုပ်နယ် မြေပါတော့ပါတယ်။ ထိန်းချုပ်နယ်မြေတော့ မဟုတ်ဘူးပေါ့လေ။ ကစိုဘက်ခြမ်းမှာ ကျတော့ BGFက လုံခြုံရေယူထားတယ်။ ထီ့ဖိုးကိန်တို့၊ နောင်းမြလွဲတို့ဘက် စကစနဲ့ BGF လုံခြုံရေး ယူတယ်။ လုံခြုံရေး ပါနေတဲ့အတွက်ကြောင့် ပြည်သူလူထုတွေက ကြောက်ပြီးတော့ ပူးပေါင်းပါဝင်ပေးတာများတယ်။”ဟု ပြောသည်။

ယခုလို ကရင်ပြည်နယ်အတွင်း စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနေသည့်ကိစ္စကို ကြာအင်း ဆိပ်ကြီး၊ ဖားအံနှင့် ဖာပွန်မြို့နယ်အတွင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် မဟာမိတ်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များဘက်မှ ကြားဖြတ်တိုက်ခိုက်မှုအချို့ လုပ်ဆောင်ခြင်းကြောင့် သေဆုံးထိခိုက်မှုတွေရှိနေကြောင်း သိရှိရသည်။

ထိုသို့ ထိခိုက်မှု ဆက်ရှိနေသော်လည်းစစ်ကောင်စီတပ်က အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့များ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပျူစောထီးအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များ၊ စစ်တပ်ထောက်ခံသူသတင်း ပေးများ၊ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများဖြင့် သန်းခေါင်စာရင်း ဆက်လက် ကောက်ယူနေကြောင်း သိရှိရသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်မှစပြီး ၁၅ ရက်နေ့အထိ ကောက်ယူမည်ဟု စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ကြေညာထားသည်။

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...