သန်းခေါင်စာရင်းကာလ ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်နေ

သန်းခေါင်စာရင်းကာလ ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်နေ

သန်းခေါင်စာရင်းကောက်ယူနေတဲ့ကာလအတွင်း မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီက ညအချိန်လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လူဦးရေသန်းခေါင်စာရင်းကို စစ်‌ကောင်စီက နိုင်ငံတဝန်းအတိုင်းအတာနဲ့ အောက်တိုဘာ ၁ ရက်နေ့က စတင်ခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုရှိခဲ့တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာဘက်မှာလည်း စာရင်းကောက်ယူနေတာပါ။

ဒေသခံတစ်ဦးက သန်းခေါင်စာရင်းကောက်နေတဲ့ကာလမှာ တော်လှန်ရေးအဖွဲ့တွေ နီးကပ်လာတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီက ညဘက်တွေမှာ လက်နက်ကြီး လှမ်းပစ်တာ သုံးညရှိပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလက်ရှိမှာ ကော့ဘိန်းမှာ သန်းခေါင်စာရင်းလိုက်ကောက်တာပေါ့။ လိုက်ကောက်ပြီး အပြင်က(တော်လှန်ရေး) အဖွဲ့တွေ နီးကပ်လာလား၊ ဘာလားမသိ သူတို့မှာ သူတို့အဖွဲ့တွေကို ကာကွယ်တဲ့ သဘောလား ကျွန်တော်လည်းမသိဘူး။ အဲဒီလိုမျိုး အပြင်မှာ သူတို့ (လက်နက်ကြီး) လှမ်းထုတာ၊ ကြာကြာ တစ်ခေါက်နှစ်ခေါက် အဲဒီလိုမျိုး သူတို့လှမ်းပစ်နေတာ။ ပြီးခဲ့တဲ့ညဆိုရင် သုံးညပြည့်သွားပြီ၊ သူတို့လှမ်းပစ်တာ”လို့ ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်ရာမှာ ဇာသပြင်အခြေစိုက် ခလရ ၈၁ နဲ့ စစ်ကောင်စီရေတပ် စစ်သ‌င်္ဘောတွေကနေ လှမ်းပစ်သလို စခန်းချထားတဲ့ ကော့ဘိန်းနဲ့ ဓမ္မသကျေးရွာထဲကနေလည်း ရွာအပြင်ဘက်ကို ခြောက်လှန့်ပစ်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

သန်းခေါင်စာရင်း မကောက်မီ တစ်ရက်အလို စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်းမှာ ကော့ဘိန်းကျေး ရွာအုပ်စု မင်းရွာကျေးရွာဘက်ကို စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂ ရက်နေ့ ည ၈ နာရီလောက်မှာလည်း ကော့ဘိန်းအနီးတဝိုက်ရှိ ကျေးရွာတွေဘက်ကို စစ်ကောင်စီက လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဒေသခံတွေကြား တစ်ကျော့ပြန် တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတာပါ။

ဒီအတွက်ကြောင့် ကော့ဘိန်းကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချထားတဲ့အနီးဝန်း ကျင်မှာ နေထိုင်ကြတဲ့ ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်ကြပြီး ကျန်တဲ့ဒေသခံတွေကလည်း ကြိုတင်ပြင်ဆင်ထားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂျိုင်းမြစ်ဝှမ်းဒေသရှိ ကော့ဘိန်းအပါအဝင် ဓမ္မသ၊ တရနာစတဲ့ကျေးရွာတွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်ကတည်းက ကင်းစခန်းချထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ကင်းစခန်းချတာ ဟိုးသူတို့စဝင်ကတည်းက သုံးလပိုင်းကတည်းက သူတို့ နေရာယူထားတာပေါ့ ဓမ္မသမှာ။ ဓမ္မသမှာဆိုရင် ဘုန်းကြီးကျောင်းမှာ သူတို့နေတယ်။ နောက်ပြီးတော့ မော်လမြိုင် -ကော့ဘိန်းသွားတဲ့ ရမ္မာဝတီလမ်းပေါ် ကင်းစောင့်တဲ့သူလည်းရှိတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အဲဒီအကြောင့် ဂျိုင်းမြစ်ဝှမ်းဒေသရှိ ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးသင့်ခဲ့ရပြီး ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရသလို ဓမ္မသကျေးရွာကိုလည်း စစ်ကောင်စီတပ်ရဲ့ ကြည်း၊ရေ၊လေ ပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရတာပါ။

ဒီလိုမျိုး ဖြစ်စဉ်တွေရှိခဲ့တဲ့အတွက် သန်းခေါင်စာရင်းကောက်ယူတဲ့ကာလမှာ ဂျိုင်းမြစ်ဝှမ်းဒေသအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ခြောက်လှန့်ပစ်ခတ်နေတာ ဖြစ်ပါတယ်။

လက်ရှိဂျိုင်းမြစ်ဝှမ်းဒေသက သန်းခေါင်းစာရင်းကောက်ယူမှုမှာတော့ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ လောက်က လုံခြုံရေးယူပြီး စာရင်းကောက်တွေက လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

October 4, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်မှုကျူးလွန်ပြီးနောက် ပြန်လည်လွတ်...
October 3, 2024
နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံ‌...
October 2, 2024
မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင်...
October 2, 2024
နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ် ကိုးလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ...