လွိုင်လင်မြို့နယ် တောင်ကျရေကြောင့် နေအိမ် ၈၀ ကျော် ပျက်စီး၊ ပြန်လည်ထူထောင်ရန် ခက်ခဲနေ

လွိုင်လင်မြို့နယ် တောင်ကျရေကြောင့် နေအိမ် ၈၀ ကျော် ပျက်စီး၊ ပြန်လည်ထူထောင်ရန် ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျ‌ရေကြောင့် မြေပြို၍ ပျက်စီးသွားသည့် ဒေသခံနေအိမ် (၈၀) ကျော် ပြန်လည်ထူထောင်ရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။

လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ အိမ်ခတ်ရွာ၊ နောင်နိန်းရွာ၊ ဆဟောင်းရွာ၊ နောင်ဆိုင်ရွာ စသည့် ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း တောင်ကျရေကြောင့် မြေပြို၍ စာသင်ကျောင်း အပါအဝင် ဒေသခံနေအိမ် (၈၀)လုံး ထပ်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း လွိုင်လင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့ပြိုလို့ အိမ်တွေက တော်တော်လေး ပျက်စီးသွားတယ်။ အဲ့ရွာတွေအားလုံးက ပျက်စီးသွားတဲ့ နေအိမ်တွေက ၈၀ ကျော်တယ်။ စာသင်ကျောင်းလည်း ပျက်စီးသွားတယ်။ သေတာရယ် ဒဏ်ရာရတာတွေရှိတယ်”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ထိုဒေသခံများသည် လွိုင်လင်မြို့ အနောက်ကျောင်းနှင့် ရွှေဂူကျောင်းတို့တွင် ခိုလှုံနေရပြီး ပျက်စီးသွားသည့် နေအိမ်များသို့ နေရပ်ပြန်၍ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း လွိုင်လင်မြို့ ဒေသခံအမျိုးသား တစ်ဦးက ဆက်ပြောသည်။

“နေအိမ်တွေက လုံးဝပျက်စီးသွားတာဆိုတော့။ အခုတော့ ဘုန်းကြီးကျောင်းတွေမှာပဲ နေနေကြတာ။ နေအိမ်တွေက ပြန်ပြီး ထူထောင်ဖို့ တည်ဆောက်ဖို့ ခက်နေကြတာပေါ့။ ခေါင်းနွဲ့ကတော့ တော်တော်ဆိုးဆိုး ဖြစ်သွားတယ်လေ။ အကူအညီတော့ လိုတာ‌ပေါ့၊ အခုက ငွေမရှိရင်တော့ ပြန်တည်ဆောက်ဖို့က ခက်တယ်လေ” ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။

လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ မိုင်းပွန်နှင့် ကွန်လောင်ကို ဆက်သွယ်ထားသည့် တံတား(၁)စင်းအပြင် နောင်ပတက်နှင့် ဘန်းယဉ်အကြား ဆက်သွယ်ထားသည့် တံတား(၁)စင်းလည်း ရေစီးကြောင်းဖြင့် မျှောပါပျက်စီးသွားကြောင်း သိရသည်။

လွိုင်လင်မြို့နယ်တွင် ကျေးရွာများတွင် ရေကြီး မြေပြိုမှုကြောင့် စက်တင်ဘာလအတွင်း ဒေသခံ (၂၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်နှင့် ကျေးရွာတွင် တိုင်ဖွန်း“ရာဂီ” မုန်တိုင်းအရှိန်ကြောင့် လူ (၁၄၀) ဦး သေဆုံးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုနှစ်တွင် သျှမ်းပြည် တောင်ပိုင်းနှင့် အရှေ့ပိုင်း တို့တွင် ရေကြီး၊ ရေလျှံမှုသည် အကြီးမားဆုံးဖြစ်ပြီး ဆုံးရှုံးမှုအများဆုံး ရင်ဆိုင်ရသည့် နှစ်တစ်နှစ်ဖြစ်သည်။

Most read this week

September 30, 2024
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က...
September 27, 2024
သျှမ်းမြောက် မြို့တော် လားရှိုးကို ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက် အစောပိုင်း ၃ နာရီခွဲခန့်...
September 26, 2024
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အလှူရှင်မရောက်သည့်...
September 25, 2024
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများထံသို့...