တောင်ငူရေဘေးကူညီထောက်ပံ့မှုများ ကန့်သတ် တားမြစ်ခံရမှုများကြုံနေရ

တောင်ငူရေဘေးကူညီထောက်ပံ့မှုများ ကန့်သတ် တားမြစ်ခံရမှုများကြုံနေရ

စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့် အနီးအနား ကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအတွက် သွားရောက်ကူညီလှူဒါန်းသည့် အကူအညီ အထောက် အပံ့များကို နယ်မြေခံစစ်ကောင်စီတာဝန်ရှိသူများက ကန့်သတ်ပိတ်ပင်မှုများရှိကြောင်း ပရဟိတ လုပ်ဆောင်ပေးနေသူများက ပြောသည်။

တောင်ငူရေကြီးမှုအတွက် နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များအပြင် အခြားသော တိုင်းနှင့် ပြည်နယ်ဒေသအသီးသီးမှ ကားကြီးကားငယ်များဖြင့် ဝင်ရောက်လာသည့် အကူအညီများကို စစ်ကောင်စီက အကူအညီပေးမည့် ပစ္စည်းများကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပေးကာ သွားလာမှု ကန့်သတ်ခြင်းများကြုံတွေ့နေရကြောင်း အခြေအနေကို သိရှိသည့် တောင်ငူမြို့ခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“စစဖြစ်တုန်းကတော့ ကိုယ့်ပြည်သူ အချင်းချင်းပဲ ကူညီပေးကြရတာပေါ့။ အခု အခြေအနေက ပိုဆိုး လာတော့ အခြား ရန်ကုန် မန္တလေး ဧရာဝတီဘက်က အကူအညီတွေ အများကြီးဝင်လာပါတယ်။ ဒီမှာက စက်လှေတွေ မရှိတော့ ဟိုက သယ်လာတဲ့စက်လှေတွေကိုလည်း ပေးမသွားတော့ စစ်လှေတွေကို ပြန်သိမ်းသွားကြတယ်။ ပစ္စည်းတွေကိုလည်း ပေးမသယ်တာတွေ လုပ်တာ။ ကားကြီး ကားငယ်နဲ့ကို ဝင်လာပြီး ပိတ်တာ” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုလ အစောပိုင်းက ဖြစ်ပေါ်သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးရေလျှံမှုများဖြစ်ပြီး ဆည်ရေ များကို ဖောက်ချရာမှ စစ်တောင်းမြစ်ရေ အဆမတန်မြင့်တက်ကာ တောင်ငူမြို့ပေါ်အပါအဝင် စစ်တောင်မြစ်အရှေ့နှင့် အနောက်ဘက်ခြမ်းဒေသ အားလုံး ရေကြီးလွှမ်းမိုးခံခဲ့ရသည်။  

ထိုသို့ ရေကြီးရေလွှမ်းခြင်းကြောင့် ဒေသခံအများအပြားကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ပေးကြသော်လည်း ယနေ့အချိန် ကျေးရွာအတွင်း ပိတ်မိနေသူအားလုံးကို မကယ်ထုတ်နိုင်သေးကြောင်း အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

အထူးသဖြင့် အင်းဝိုင်းနှင့် ကရင်ချောင်းရွာရှိ ဒေသခံ ပြည်သူခန့်မှန်းအိမ်ထောင်စုပေါင်း ၁၀၀ ခန့် ကျန်ရှိ သေးသလို ထန်းတစ်ပင်မြို့နယ်ဘက်ခြမ်းရှိ တောင်ခြေရွာများတွင်လည်း ပိတ်ပင်နေကြပြီး အကူအညီ များ မရောက်ရှိဘဲ ဆေးဝါး နှင့် အစားအသောက်များ၊ ရေသန့်များ အဓိက လိုအပ်နေကြောင်း သွားရောက် ကူညီပေးသည့် ပရဟိတ လူငယ်တစ်ဦးက ပြောသည်။

၎င်းက “အဓိက ဘာတွေလိုအပ်လဲဆိုတော့ ရိက္ခာတွေ၊ နောက်ပြီးတော့ ဆေးဝါးတွေ လိုအပ်တယ်။ နောက်ပြီးတော့ ကျနော်တို့ သွားလှူဖို့ကလည်း သူတို့ ခွင့်မပြုတာတွေနဲ့လည်း ကြုံရတာရှိတယ်။ စစ်တောင်းမြစ်ကို ဖြတ်ပြီးတော့ သွားလှူမှာကို ဒါဘယ်ကိုသွားပို့မှာလဲ ဘယ်တွေကို သွားလှူ တာလဲဆိုတာ အနည်းအကျဉ်းလေးကို နားလည်မှုနဲ့ပဲ ယူသွားလို့ရတယ်။ ကျနော်တို့ လိုသလောက်သွားလှူလို့မရတဲ့ အနေအထားဖြစ်နေတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

လက်ရှိ တောင်ငူဒေသတွင် ရေအနည်းငယ် ပြန်ကျသွားပြီးဖြစ်သော်လည်း စစ်တောင်းမြစ်ကလွဲ၍ ရေထွက်နိုင်သည့် အပေါက်များမရှိသောကြောင့် ရေများအကျနှေးနိုင်ပြီး လချီ၍ အကူအညီများ ဆက်လက်လိုအပ်နိုင်သလို ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်မှုများကြောင့် ရေဘေးသင့် ပြည်သူများအတွက် စိုးရိမ်ရနိုင်ကြောင်းလည်း အဆိုပါလူငယ် က ဆက်ပြောသည်။

လတ်တလောတွင် ကူညီကယ်ဆယ်ပေးထားသည့် ပြည်သူများအတွက် စားနပ်ရိက္ခာအကူအညီများ အဆင်ပြေ သော်လည်း ၎င်းတို့အတွက် ပြန်လည်ထူထောင်ရေး အကူအညီများမှာ ဆက်လက်လိုအပ်လျက်ရှိသည်။  နယ်မြေများကို ကန့်သတ်၍ သွားလာလှူဒါန်းခွင့် ပိတ်ထားသောကြောင့် တောင်ငူမြို့အနီး အနားကျေး ရွာများတွင်သာ အလှူပစ္စည်းများ စုပုံနေပြီး စစ်တောင်းမြစ်၏ အစွန်အဖျားကျေးရွာများတွင် အကူအညီများ မရောက်နိုင်ကြောင်းလည်း ကူညီကယ်ဆယ်သူများထံမှ သိရသည်။

ယခုလ ၉ ရက်နေ့မှစ၍ ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သျှမ်းပြည်နယ်၊ ကရင်နီ ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် နေပြည် တော် ကောင်စီ နယ်မြေများတွင် မိုးကြီးရေလျှံမှုနှင့် မြေပြိုမှုကို ဆိုးရွားစွာကြုံတွေ့ခဲ့ရပြီး ခန့်မှန်လူဦးရေ (၆)သိန်းကျော် ရေဘေးသင့်ကာ ရာနှင့် ချီ၍ သေကြေပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ကုန်ပိုင်းမှစပြီး နေပြည်တော်နယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ငလိုက်ဆည် နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ဆွာဆည်မှ ရေများကို စစ်ကောင်စီက ဖောက်ချ လိုက်သောကြောင့် စစ်တောင်းမြစ်ရေ လျှံတက်လာပြီး တောင်ငူမြို့နှင့် ကျေးရွာများတွင် ရေကြီးမှု စတင် ဖြစ်ပွားခဲ့သည်။

ယခုလို ရေဘေးရှောင်နေရစဉ်ကာလအတွင်း ရေနစ်မြှုပ်နေသည့် နေအိမ်များကို ဝင်ရောက် ဖောက်ထွင်းပြီး နေအိမ်ရှိ တန်ဖိုးကြီးပစ္စည်းများ လိုက်လံ ခိုးယူသူများလည်းရှိနေကြောင်း ဒေသခံများက ဆိုသည်။

September 18, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာအတွင်းရှိ နေအိမ်အများစုကို...
September 18, 2024
မြန်မာပြည်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးကြုံတွေ့နေရသည့် မြန်မာပြည်သူများကို နိုင်ငံ...
September 17, 2024
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ...
September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...