လောင်းလုံး၊ ညောပြင်ရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့

လောင်းလုံး၊ ညောပြင်ရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာအတွင်းရှိ နေအိမ်အများစုကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၇ ရက်နေ့တွင် တတိယအကြိမ် မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သည်ဟု ကျေးရွာနေ ဒေသခံများနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ ညောပြင်ကျေးရွာ၌ စစ်ကောင်စီက စစ်ကြောင်းထိုးစဉ်အချိန်က မီးရှို့ ဖျက်ဆီးခဲ့သည့်အတွက် ရွာသားများ အနေဖြင့် ယာယီတဲအိမ်များ ဆောက်လုပ်နေထိုင်နေရခြင်းဖြစ်သည်။  အဆိုပါတဲအိမ်များကို စစ်တင်ဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီက အင်အား ၄၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ထပ်မံမီးရှို့ ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ပြီးခဲ့တဲ့ရက်ကလာပြီး မီးရှို့တာတွေကို လုပ်သွားတယ်။ အခု စစ်ကြောင်းထိုးတဲ့တပ်က ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကမှ ကျေးရွာထဲကို စစ်ကြောင်းထိုးသွားတဲ့ ခလရ-၁၀၄ အခြေစိုက် စစ်ကောင်စီ တပ်သားတွေ ဖြစ်ဖို့များတယ်။ နောက်ပြီးတော့ မနေ့ကလည်းလေယာဉ်ဆီ သယ်လာတဲ့ စက်လှေပစ်ခံရတယ်။ အဲ့တာကြောင့် စစ်တပ်ကအခုလို ပြန်လုပ်တာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့၊ နံနက် အစောပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထားဝယ်မြစ်အတွင်း လေယာဉ်ဆီသယ်ဆောင်လာသည့် ငါးဖမ်းစက်လှေနှစ်စီးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များမှ ကြားဖြတ်ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ယခုလို တဲအိမ်များကို မီးရှို့မှု ပြန်လည်လုပ် ဆောင်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ထံမှသိရသည်။

“လေယာဉ်ဆီကိုသယ်လာတဲ့ စက်လှေကိုကြားဖြတ် ပစ်ခတ်မှုတော့ရှိတယ်။ စက်လှေပေါ်မှာ စစ်ကောင်စီ တပ်သားတွေလည်း ပါတယ်” ဟု လောင်းလုံးပြည်သူ့ ကာကွယ်ရေးတပ်၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုး ပြော သည်။

အဆိုပါ ညောပြင်ကျေးရွာ၌ အိမ်ထောင်စုပေါင်း ၅၀၀ ကျော်ဝန်းကျင်အထိရှိပြီး ၂၀၂၄ ခုနှစ် နှစ်အစပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သေးသည်။ လက်ရှိ အချိန်တွင်လည်း ရွာလုံးကျွတ်နီးပါး စစ်ဘေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစ၍ ဩဂုတ်လအထိ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူနေအိမ် စုစုပေါင်း ၁,၂၄၄ လုံး ထက်မနည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ရပြီး ၎င်းတို့ထဲတွင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျန်းမာရေးဆေးပေးခန်းများနှင့် ဒေသခံများ၏ အသုံးဆောင်ပစ္စည်းများ မပါဝင်သေးကြောင်း FE5 Tanintharyi ၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...
September 18, 2024
မြန်မာပြည်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးကြုံတွေ့နေရသည့် မြန်မာပြည်သူများကို နိုင်ငံ...
September 17, 2024
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ...
September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...