ရေဘေးအကူအညီများ စစ်ရေး၊ နိုင်ငံရေးအရ အမြတ်ထုတ်မခံရရေး K2C နှင့် NUG သတိပေး

ရေဘေးအကူအညီများ စစ်ရေး၊ နိုင်ငံရေးအရ အမြတ်ထုတ်မခံရရေး K2C နှင့် NUG သတိပေး

မြန်မာပြည်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးကြုံတွေ့နေရသည့် မြန်မာပြည်သူများကို နိုင်ငံ တကာမှ အကူအညီများပေးအပ်ရာ၌ နိုင်ငံရေးနှင့် စစ်ရေးများတွင် အမြတ်ထုတ်မခံရအောင် အထူး သတိပြု ဆောင်ရွက်ရန် ကရင်၊ ကရင်နီ၊ ချင်းတော်လှန်ရေးအဖွဲ့အစည်းနှင့် အမျိုးသားညီညွတ်ရေး အစိုးရတို့က ယနေ့ ရက်စွဲဖြင့် ပူးတွဲကြေညာချက်ထုတ်ကာ သတိပေးလိုက်သည်။

မြန်မာ့ရေဘေးနှင့်ပတ်သက်ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန် ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ(EU)၊ အာဆီယံနှင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကို ကရင်အမျိုးသားအစည်း အရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF နှင့် NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (MoHADM) တို့၏ အချက်(၈)ချက်ပါ တောင်းဆိုချက်ထုတ်ပြန်ရာတွင် ယခုလို ထည့်သွင်း သတိပေးပြောဆိုထားခြင်း ဖြစ်သည်။

ယခုလအစောပိုင်းက စတင်ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ သျှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသများတွင် မိုးကြီးရေလျှံကာ မြေပြိုမှုများဖြစ်ပေါ်ခဲ့၍ လူဦးရေထောင်နှင့်ချီသေဆုံးကာ ၇ သိန်းခန့် ရေဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး ၎င်းရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်လူသားချင်းစာနာ ထောက်ထားမှုအကူအညီများလိုအပ်နေကြောင်း K2C နှင့် NUG တို့၏ ပူးတွဲကြေညာချက်တွင် ပြောဆိုထားသည်။

လတ်တလောတွင် ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများ ဝင်ရောက်လာ ခြင်းမရှိသောကြောင့် ပြည်တွင်းပြည်ပ အလှူရှင်များ၏ ကူညီထောက်ပံ့မှုများဖြင့်သာ ယာယီကူညီကယ် ဆယ်မှုများ ပြုလုပ်ထားရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များပါ အကူအညီများ ဆက်လက်လိုအပ်မည်ဖြစ်ကြောင်းလည်း ထိုပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ကြေညာချက်ပါ တောင်းဆိုချက် (၈)ချက်တွင်လည်း နိုင်ငံတကာ အလှူရှင်များအနေဖြင့် ကူညီ ထောက်ပံ့မှုများပေးရာတွင် ရေဘေးသင့်ပြည်သူများအား အညီအမျှပေးရေး၊ NUG ဝန်ကြီးဌာန၊ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများကို တိုက်ရိုက်ပံ့ပိုးပေးရေး၊ စစ်ဘေး နှင့်သဘာဝဘေးကို တပြိုင်နက်ခံစားနေရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာ လှူဒါန်းမှုများရရှိစေရန် နှိုးဆော်ပေးရေး စသည့် အချက်များ ပါဝင်သည်။

၎င်းအပြင် ရေဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့ရာတွင်လည်း ပွင့်လင်းမြင်သာမှုရှိရှိ အသိပေး လုပ်ဆောင်ရန်အပြင် ထိခိုက်လွယ်သည့် အုပ်စုများကိုပါ ထည့်သွင်းစဉ်းစားပေးကာ အကူအညီများကို အလေအလွင့်မရှိစေရန် ထိထိရောက်ရောက် စီမံခန့်ခွဲပြီး စနစ်တကျ စောင့်ကြည့်ကွပ်ကဲသွားရန်လည်း K2C နှင့် NUG က အသိပေးတောင်းဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန (MoHADM)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအနေဖြင့်လည်း ရေဘေးသင့်ပြည် သူများအား ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများကို ရရှိနိုင်သည့် အရင်းအမြစ်များအသုံးပြု၍ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ၎င်းတို့ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူ သျှမ်းပြည်နယ်အတွင်း ရေဘေးကြုံတွေ့နေရသည့် သျှမ်းပြည်သူလူထုများအတွက် သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အနေဖြင့် ကူညီကယ်ဆယ်ရေးကော်မတီ များဖွဲ့စည်း၍ ရံပုံငွေများ မတည်ကာ ပြည်တွင်းပြည်ပ အလှူရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်မည်ဟု ယနေ့ကြေညာချက်ထုတ်ပြန်ထားသည်။

ထိုသို့လုပ်ဆောင်ရာတွင် ဝိုင်းဝန်းကူညီပေးကြရန် အလှူရှင်များကို ဖိတ်ခေါ်ကြောင်းလည်း RCSS က ပြောဆိုသည်။

တစ်ဖက်တွင်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ရေဘေးသင့် ပြည်သူများအတွက် နိုင်ငံတကာအကူအညီများအမြန်ဆုံးရရှိရန် ချိတ်ဆက်လုပ် ဆောင်မှုများပြုလုပ်ရန် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်တွင် ပြောဆိုခဲ့သေးကြောင်း သိရသည်။

သို့သော် လက်ရှိ ရေကြီးမှုဖြစ်စဉ်အတွင်း ကိုယ်ထူကိုယ်ထ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ သည့် ပရဟိတအသင်း အဖွဲ့များကို စစ်ကောင်စီဘက် ကန့်သတ်ပိတ်ပင်မှုများ နှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများသိမ်းယူထားသည့် ဖြစ်စဉ်များလည်းရှိနေကြောင်း ပရဟိတ လူမှုရေး အသင်းအဖွဲ့များက ဆိုသည်။

ယခင် စစ်အစိုးရ လက်ထက်က ၂၀၀၈ နာဂစ်မုန်တိုင်း ဖြစ်စဉ်တွင် စစ်အစိုးရထံမှတဆင့် ဝင်ရောက် လာသည့် နိုင်ငံကာကူညီထောက်ပံ့မှုများသည် အမှန်တကယ်သဘာဝဘေးကြုံတွေ့ရသူများထံသို့ ထိရောက်သည့် အကူအညီများမရရှိခဲ့ဘဲ ကူညီထောက်ပံ့မှုပစ္စည်းများကို စစ်တပ်နှင့် ၎င်း အသိုင်းအဝိုင်းက ပြန်လည်ရောင်းစားသည့် ဖြစ်စဉ်သာဓကများလည်းရှိခဲ့ဖူးသည်။

မိုးကြီးရေလျှံမှုများကြောင့် နိုင်ငံတစ်ဝှမ်းရှိမြို့နယ်ပေါင်း ၅၉ မြို့နယ်မှ ခန့်မှန်းပြည်သူပေါင်း (၆၃၁,၀၀၀) ရေဘေးသင့်နေရပြီး ရေကြီးမြေပြိုမှုများကြောင့် လူဦးရေရာနှင့်ချီသေဆုံးကာ ပျောက်ဆုံးသူများလည်း ရာနှင့်ချီရှိနေကြောင်း၊ ဒေသအများစုမှာ ရေမြှုပ်နေဆဲဖြစ်၍ အရေးပေါ် ပြောင်းရွှေ့နေရာချထားရေး နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း UNOCHA(Myanmar)က အစီရင်စာထုတ်ပြန်ထားသည်။

အထူးသဖြင့် နေပြည်တော်နှင့် အနီးတစ်ဝိုက်ကျေးရွာများအပြင် ပဲခူးတိုင်း၊ တောင်ငူဒေသ နှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် သျှမ်းပြည်နယ်ကလောမြို့တွင် မိုးကြီးရေလျှံကာ မြေပြိုမှုများကို ဆိုးဆိုးဝါးဝါးခံစားနေရပြီး လူရာချီသေဆုံးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ယခုလို ရေကြီးမှုများကြောင့် ပြည်သူအများအပြား ရေဘေးအန္တရာယ်ကြုံတွေ့နေရစဉ် စစ်ကောင်စီ အနေဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေ ကြောင်းလည်း တော်လှန်ရေးအင်အားစုများဘက်က ထုတ်ပြန်ပြောဆိုထားမှုများရှိသည်။

September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...
September 18, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာအတွင်းရှိ နေအိမ်အများစုကို...
September 17, 2024
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ...
September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...