စစ်တွေတွင် စစ်တပ်က ဖမ်းဆီးထားရသူများအထဲက အမျိုးသမီးနှင့် ကျောင်းသားများအပါအဝင် ၂၀ ကျော်ခန့် ပြန်လည်လွတ်မြောက်လာ

စစ်တွေတွင် စစ်တပ်က ဖမ်းဆီးထားရသူများအထဲက အမျိုးသမီးနှင့် ကျောင်းသားများအပါအဝင် ၂၀ ကျော်ခန့် ပြန်လည်လွတ်မြောက်လာ

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ လူပေါင်း ၇၀ ကျော်အထဲမှ အမျိုးသမီးများနှင့် ကျောင်းသားများအပါအဝင် ၂၀ ကျော်ခန့် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

လွတ်မြောက်လာသူများတွင် အမျိုးသမီး ၂ ဦးနှင့် Grade - (11)၊ Grade - (12) ကျောင်းသား အချို့နှင့် အသက် ၇၀ ကျော်အရွယ် အမျိုးသားများ အပါအဝင် စုစုပေါင်း လူဦးရေ ၂၀ ကျော်ခန့်ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သူတို့ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်၊ ည ၈ နာရီကျော်ခန့်တွင် စစ်တွေမြို့မရဲစခန်းမှ အချုပ်ခန်းတွင် လူမဆံ့၍ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သူက နိရဉ္စရာသို့ ပြောသည်။

"သူတို့ (စစ်ကောင်စီ)က လွှတ်ချင်တဲ့သူတွေကို လွှတ်ပေးတာ။ အချုပ်ခန်းမှာ လူမဆံ့လို့ လွှတ်ပေးတယ်လို့တော့သိရတယ်။  အထဲမှာတောင် ကျောင်းသား တစ်ယောက် ရှိသေးတယ်လို့ကြားတယ်။ ပြီးရင် အသက် ၅၀၊ ၆၀ အရွယ်တွေလည်း ရှိသေးတယ်"ဟု ပြောသည်။

လွတ်မြောက်လာသူများအနက် အမျိုးသမီး ၂ ဦးမှာ လမ်းမတော်ရပ်ကွက်မှဖြစ်ပြီး အခြား သူများမှာ ရွှေပြားရပ်ကွက်မှဖြစ်သည်ဟု ဆိုသည်။

" လမ်းမတော်က အမျိုးသမီး ၂ ယောက်ကတော့ ရွှေပြားက ယောက်က္ခမအိမ်ကို သွားလည်တုန်း လမ်းကနေ အဖမ်းခံလိုက်ရတာ"ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်၊ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကား ၇ စီးဖြင့် စစ်တွေရှိ ရွှေပြား၊ မိဇံ၊ တရားသီးစုရပ်ကွက်တို့အပါအဝင် စစ်တွေမြို့ စာတိုက်အနီးရှိ သူနာပြုအိမ်ရာအနီးမှနေ၍ မိဇံကမ်းနားလမ်းတောက်လျှောက်မှ လူဦးရေ ၇၀ ကျော် ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများအထဲတွင် မိဇံကမ်းနားလမ်းတွင် ကုန်ထမ်းနေသူများ၊ စစ်တွေတွင် အိမ်စောင့်ကျန်ခဲ့သူများနှင့် လမ်းသွားလမ်းလာများ ပါဝင်သည်။

အဆိုပါဖမ်းဆီးခံရသူများအနက် ၂၀ ကျော်မှာ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

မလွတ်မြောက်ဘဲကျန်ရှိသေးသူများတွင် ဆယ်ကျော်သက်အရွယ်မှ အသက် ၆၀ ဝန်းကျင်ခန့် အထိပါဝင်ပြီး စစ်တွေမြို့မရဲစခန်းတွင် နှိပ်စက်၊ ရိုက်နှက်၊ မေးမြန်းခံရမှုများလည်း ရှိနေကြောင်း ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ရဲစခန်းမှာရိုက်ပြီးမေးတာ သွားကျိုးတဲ့လူတွေတောင်ရှိပါတယ်။ ကုန်ထမ်းတဲ့သူတွေကိုလည်း မင်းကုန်ထမ်းတာ ဘယ်လောက်ရှိပြီးလဲဆိုပြီး ရိုက်ပြီးမေးတယ်တဲ့။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး"ဟုပြောသည်။

ယခုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီးမှုများကြောင့် စစ်တွေမြို့နေ ပြည်သူများအနေဖြင့် အထူးစိုးရိမ်စရာဖြစ်နေကြရသည်ဟု ဆိုသည်။  

စစ်တွေမြို့ပေါ်တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော် စစ်တွေမြို့နယ် အရှေ့မြောက်ဘက်ရှိ မင်းလှကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့သည် ဩဂုတ် ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာလျက်ရှိနေသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ အလောင်း ၃၀ ကျော်နှင့် လက်နက် ၅၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ထိုသို့ စစ်တွေတွင် စစ်ရေးတင်းမာနေချိန် ရဲနှင့်စစ်တပ်သည် အပြစ်မဲ့ အရပ်သားများအား အကြောင်း အမျိုးမျိုးပြကာ ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။

အချို့ဖမ်းဆီးခံရသူများကို ငွေကြေးဖြင့် ရွေးခိုင်းပြီးပြန်လွှတ်ပေးမှုများရှိသလို အချို့မှာလည်း ငွေကြေး မတတ်နိုင်သဖြင့် မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်တွေမြို့အား နောက်ဆုံးခံတပ်အဖြစ် စစ်ရေးအရ အကြီးအကျယ် ပြင်ဆင်နေပြီး ကမ်းနားလမ်း တောက်လျှောက်ကိုလည်း ခြံစည်းရိုးခတ်ထားကာ လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးနေသည်ဟု သိရသည်။

မြို့သူ မြို့သားများကိုလည်း မြို့ကနေ ထွက်သွား၍မရအောင် ပိတ်ဆို့ထားပြီး ဓားစာခံများအဖြစ် အသုံးချထားသည်ဟု သိရသည်။

September 19, 2024
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော...
September 19, 2024
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ရေဘေးဒဏ်ကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံးပြီး ကျေးရွာပေါင်း ၂၀...
September 18, 2024
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲနေ...
September 18, 2024
မဒေးကျွန်း ဆိပ်ကမ်းသို့ တရုတ်ရေနံ သင်္ဘောများဝင်ထွက်ရာ ရခိုင်ပြည်၊ ကျောက်ဖြူ မြို့နယ်အတွင်းမှ...