ပန်ဝါ တိုက်ပွဲ ၅ ရက်ခန့် ကြာမြင့်လာ

ပန်ဝါ တိုက်ပွဲ ၅ ရက်ခန့် ကြာမြင့်လာ

ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလဆန်းပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းနေထိုင်တဲ့ တပ်စခန်းတစ်ခုကို KIA တပ်သိမ်းပိုက်လိုက်ပြီးနောက် ပန်ဝါဒေသမှာ စစ်ရေးတင်းမာနေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

လဂွေပြည်သူ့စခန်း လက်လွတ်လိုက်ရတဲ့နောက် ပြည်သူ့စစ်အဖွဲ့တွေဟာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ လဂွေပြည်သူ့စစ်တပ်စခန်းရှိတဲ့နေရာကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

“ပန်ဝါ လဂွေကျေးရွာဘက်မှာ တိုက်ပွဲပြန်ဖြစ်နေတာဖြစ်တယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲပြန်ဖြစ်နေတာ။ ပြီးရင် KIA တပ်မဟာ (၇) ဘက်မှာလည်း လက်နက်ကြီးတွေ ပစ်ခတ်နေတာ”လို့ ပြောပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖရေး(Hpare) KIA တပ်မဟာ (၇) ဘက်ကို ဒရုန်းလက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တာတွေ လုပ်နေတဲ့အတွက် စစ်မျက်နှာပြင် ၂ ခုမှာ တိုက်ပွဲဖြစ်နေတယ်လို့ ပြောပါတယ်။

ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေက လဂွေပြည်သူ့စစ်တပ်စခန်းကို လက်လွတ်လိုက်အရတဲ့အပြင် ပန်ဝါဒေသဘက်ကို KIA ပူးပေါင်းတပ်တွေက စစ်ရေးလှုပ်ရှားဝင်ရောက်လာတာကြောင့် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ အဲဒီဒေသမှာရှိတဲ့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေ အဓိက ထိန်းချုပ်ထားတဲ့ ချီဖွေ၊ ပန်ဝါဒေသတွေမှာ အရင်က တိုက်ပွဲသိပ်ဖြစ်လေ့သိပ်မရှိပေမယ့် ဒီနှစ် ၂၀၂၄ ခုနှစ်နောက်ပိုင်း KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာတာကို မြင်တွေ့လာရတာဖြစ်ပါတယ်။

အခုလို ပန်ဝါဒေသမှာ တိုက်ပွဲဖြစ်လာတာနဲ့ ပတ်သက်ပြီး ချီဖွေဒေသခံတစ်ဦးက အခုလို သုံးသပ်ပြောဆိုထားပါတယ်။

“တိုက်ပွဲတွေက ပိုပြင်းထန်လာဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ဗျူဟာလည်းရှိတယ်။ အခုလိုဆိုရင် ပြည်သူ့စစ်တွေလည်း အင်အားစုဆောင်းနေကြတယ်ဆိုတော့ ။ အခုက တိုက်ပွဲဖြစ်လာဖို့ အစပဲရှိသေးတယ်လို့ မြင်တယ်။ သူတို့ အချင်းချင်းစောင့်ကြည့်နေကြတာကြာပြီ။ အခုမှ လုပ်ငန်းစလာတာလို့မြင်ပါတယ်”လို့ပြောပါတယ်။

ပန်ဝါဒေသမှာ တိုက်ပွဲတွေဖြစ်ပွားလာတဲ့အတွက် တရုတ်နယ်စပ်အနီးတဝိုက် ပစ်ခတ်ခံတွေ ထွက်ပေါ်လာတာကြောင့် တစ်ဖက်မှာ တရုတ်အစိုးရလည်း သေနတ်သံမထွက်ပေးဖို့ တောင်းဆိုနေတာလည်းတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ပန်ဝါဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပန်ဝါမှာ တာဝန်ရှိတဲ့သူတွေ တွေ့ဆုံပြီး ညှိနှိုင်းမှုတွေလည်းရှိနေတယ်လို့ သိရပမေယ့် ညှိနှိုင်းမှုနဲ့ ပတ်သက်ပြီး KNG ကအသေးစိတ် စုံစမ်းနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့မှာလည်း ကချင်အထူးဒေသ(၁) ချီဖွေ၊ ပန်ဝါ၊ ကန်ပိုက်တည် စတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ KIA နဲ့ PDF အဖွဲ့တွေကို တိုက်ခိုက်ဖို့ ပြည်သူ့စစ်ခေါင်ဆောင် ဦးဇခုန်တိန့်ယိန်းက ‘စစ်မိန့်’ပေးထားတာလည်းဖြစ်ပါတယ်။

Most read this week

September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...
September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 11, 2024
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့...