ကရင်နီ နဲ့ ရှမ်းတောင်မှာ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်း အများစု ယာယီပိတ်ထားရ

ကရင်နီ နဲ့ ရှမ်းတောင်မှာ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်း အများစု ယာယီပိတ်ထားရ

စက်တင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီဟာ ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့တိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် လက်ရှိမှာ အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကရင်ပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းနဲ့  ရှမ်းတောင် ဖယ်ခုံမြို့နယ်ထဲက စာသင်ကျောင်းအများစုကို ယာယီပိတ်ထားလိုက်ရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

လေကြောင်းအန္တရာယ်စိုးရိမ်တာကြောင့် ပိတ်ထားလိုက်ရတဲ့ စာသင်ကျောင်းအရေအတွက်ကို အတိအကျမသိပေမဲ့ ဗုံးကြဲခံရတဲ့နေရာအနီးက စာသင်ကျောင်းအားလုံး နီးပါးပိတ်ထားတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်တဲ့ Job For Kayah အဖွဲ့ရဲ့ အသင်းဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ စစ်ဘေးရှောင် စာသင်ကျောင်း အားလုံးနီးပါး ယာယီပိတ်ထားကြတယ်။ အရေအတွက်အတိအကျတော့ မပြောနိုင်ပေမဲ့ ဗုံးကြဲခဲ့တဲ့နေရာ အကုန်နီးပါး (၁)ပတ် ၊ (၁၀)ရက်ပိတ်ထားကြဖို့ သိရတယ်။ အဓိက လေယာဉ်ဗုံးကြဲမှုကြောင့်ရော ၊ နေ့စဉ် ညစဉ် လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ကလေးတွေအတွက် စိုးရိမ်စရာရှိတယ်။ ဒါကြောင့်မို့ ပိတ်ထားကြတာပါ”လို့ Job For Kayah မှ အသင်းဝင်တစ်ဦးက ဆိုပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ညပိုင်းမှာ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ စာသင်ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာလည်း စာသင်ကျောင်းတချို့ကို ပိတ်ထားတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ ထွန်းမြန်မာ ဒိုနေရှင်း အသင်းဝင် ကိုဖိုးဇော်က အခုလို ပြောပါတယ်။

“ လအိတိုက်နယ်မှာ ဘန်ကောက်ကို ဗုံးကြဲချလိုက်တော့ အဲ့နား ပတ်ချာလည် ရှိသမျှ စာသင်ကျောင်း အားလုံးနီးပါး ပိတ်ထားပါပြီ။ အဲ့ဖက်ကတော့ ရက်ကတော့ အကန့်အသတ်မရှိ တော့ ပိတ်ထားတယ်။ နောက်ပြီးတော့ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းတော်တော်များများ လည်းပိတ်ကုန်ကြပါပြီ လောလောဆယ်တော့ သူတို့ တစ်ပတ်နီးပါးပိတ်တယ်လို့ တော့ကြားတယ်”လို့ ကိုဖိုးဇော်က ဆိုပါတယ်။

စာသင်ကျောင်းတွေ စစ်ရှောင်ပြည်သူတွေနေတဲ့ နေရာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတာဟာ အကြိမ်ကြိမ်ဖြစ်ပြီး ကင်းထောက်လေယာဉ်ပျံဝဲတာလည်းရှိနေတာကြောင့် ကြိုတင်ကာကွယ်မှုအနေနဲ့ စာသင်ကျောင်းတွေကို ပိတ်ထားသင့်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကလေးကျောင်းတက်ရင်လည်း ကလေးလည်း စိတ်မလုံခြုံသလို မိဘတွေလည်း စိတ်လုံခြုံကြမှာမဟုတ်ဘူးလေ။ ပြီးခဲ့တဲ့ရက်လို ဖြစ်တာလည်း ပထမအကြိမ်ပဲမဟုတ်တောဘူးဆိုတော့ ဘယ်လိုဖြစ်ဖြစ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိတ်ထားတာပဲ ကောင်းပါတယ်”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ခုနှစ် စက်တင်ဘာလအထိ ကရင်နီပြည်မှာ အရပ်သားပြည်သူသေဆုံးတဲ့ အရေအတွက် ( ၂၄ ) ဦးရှိပြီး (၄၀) ဦးကျော် ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

အဲ့ဒီထဲမှာ စာသင်ကျောင်းမှာ စာသင်နေရင်း သေဆုံးခဲ့ရတဲ့ ကျောင်းသား ၄ ဦး နဲ့ စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းနေအရွယ်ကလေးတွေ သေဆုံးတာလည်း ပါဝင်တယ်လို့ သိရပါတယ်။

September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...
September 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ဖယ်ခုံအင်း၊ မိုးဗြဲရေကာတာ...