သံလွင်မြစ်ပေါ်ရှိ တရုတ်ရေကာတာစီမံကိန်း တည်ဆောက်ရေး UWSA မှ လမ်းခင်းပေးနေဟု SSFIM ထုတ်ပြန်

သံလွင်မြစ်ပေါ်ရှိ တရုတ်ရေကာတာစီမံကိန်း တည်ဆောက်ရေး UWSA မှ လမ်းခင်းပေးနေဟု SSFIM ထုတ်ပြန်

သျှမ်းပြည် တန့်ယန်းမြို့နှင့် ၁၃ မိုင်ကျော် ကွာဝေးသော သံလွင်မြစ်ပေါ်မှ တရုတ်ရေကာတာစီမံကိန်း တည်ဆောက်ရေးအတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ လမ်းခင်းပေးနေသည်ဟု ရှမ်းပြည်ရင်းနှီးမြုပ်နှံမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ SSFIM က စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၀ ရက်နေ့မှစတင်ပြီး UWSA တပ်ဖွဲ့သည် တပ်သားဦးရေ ၂,၀၀၀ ကျော်ဖြင့် သံလွင်မြစ်ကူး၍ တန့်ယန်းမြို့သို့ ရောက်လာပြီးသည့်နောက် ထိုသို့စီမံကိန်းများဖြစ်တည်ဆောက်ရေးအတွက် UWSA က လိုလိုလားလား ဖြည့်ဆည်းကူညီပေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

“ လက်ရှိရေကာတာစီမံကိန်းနေရာမှာ UWSA တပ်စွဲထားပါတယ်။ ပြီးတော့ ရေကာတာတည်ဆောက်မဲ့နေရာကို တရုတ်လုပ်ငန်းရှင်တွေကိုခေါ်လာပေးတာရှိနေပါတယ်” ဟု SSFIM တာဝန်ရှိသူ စိုင်းခမ်းလူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တည်ဆောက်မည့် မန်တုံရေကာတာ စီမံကိန်းနှင့် နောင်ဖာရေကာတာစီမံကိန်းနှစ်ခုလုံးသည် BOT စနစ်ဖြင့် တည်ဆောက်ရန် စီစဉ်ထားသော စီမံကိန်းများဖြစ်ပြီး ထွက်ရှိလာမည့်စွမ်းအင်း၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ရန်လျားထားသည်ဟု ဖော်ပြထားသည်။

ထိုစီမံကိန်း တည်ဆောက်ရန်အတွက် [ (၂၀၀၉ ခုနှစ် ဒီဇင်ဘာလ) ကတည်းက တရုတ်ဒုသမ္မတ ရှီကျင်းဖျင့် ] နေပြည်တော်သို့လာရောက်စဉ်က လက်မှတ်ရေးထိုးခဲ့သလို သဘောတူညီမှုစာချုပ်ကို (၂၀၁၄ ခုနှစ် မေလ) ဦးသိန်းစိန်အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

နောင်ဖာရေကာတာစီမံကိန်းရှေ့ဆက်လုပ်ဆောင်မှုနှင့် ပတ်သက်၍ ပြည်သူလူထုအပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ စုပေါင်းပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက ပြင်းပြင်းထန်ထန် ကန့်ကွတ်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ရေး၊ နိုင်ငံရေး မတည်မငြိမ်မှုကြား UWSA ထိန်းချုပ်ထားရာဒေသ မန်တုံရေကာတာစီမံကိန်းကို တိတ်တဆိတ် တည်ဆောက်ခွင့်ပြုနေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“အဓိကထိခိုက်မှုကတောရေကာတာ တည်ဆောက်ပြီးနောက်ဆက်တွဲအခြေအနေတွေပါ။ သံလွင်မြစ်ကရေကာတာတွေက တကယ်လို့တစ်ခု ဆောက်မယ်ဆိုရင် ရှိတဲ့ရေကာတာအကုန်မဖြစ်မနေဆက်ဆောက်ရမှာပါ။ ခုနောင်ဖာနဲ့မန်တုံရေကာတာစီမံကိန်းသာဖြစ်သွားရင် သျှမ်းပြည်တွင်းတင်သာမက မြန်မာတစ်ပြည်လုံးက သံလွင်ရေကာတာစီမံကိန်းတွေကို ဆက်ပြီးတော့ လုပ်ရမှာပါ” ဟု စိုင်းခမ်းလူက ပြောသည်။

ရေကာတာတည်ဆောက်မှုနေကြောင့် ယခုနှစ်အတွင်း ရှမ်းပြည်အတွင်း မကြုံစဖူးရေးလွမ်းမိုးမှုများဖြစ်ပေါ်စေခဲ့ပြီး အန္တရာယ်ရှိသော ရေလွမ်းမိုးမှုများကို မီးမောင်းထိုးပြနေသည်ဟု ဆိုသည်။

“ ဒီအရာတွေရဲ့သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှု အရမ်းကိုကြောက်စရာကောင်းပါတယ်။ မြစ်ဝှမ်းနဲ့မြစ်လက်တက်တွေမှာ ရေတွေမြင့်တက်လာပြီး အနိမ့်ပိုင်းဒေသတွေမှာရေလွမ်းမိုးတာ၊ ဇီဝမျိုးစုံမျိုးကွဲတွေပျောက်ကွယ်နိုင်တာ မျိုးစုံကြုံရနိုင်ပါတယ်။ အခုသံလွင်မြစ်ဟာ ငလျင်ကြောနဲ့အပြိုင်စီးနေတာပါ။ အဲ့အတွက်ပဲ တရုတ်ပြည်ထဲကရေကာတာစီမံကိန်းတွေတောင် ရပ်ထားရတာပါ။ ခဏ ကပြောသလိုရေပမာဏများတဲ့အခါ ငလျင်လှုပ်လာရင် မိုးများလာရင် နောက်ဆက်တွဲအန္တရာယ်တွေကပူရပါတယ်” ဟု စိုင်းခမ်းလူက ထပ်လောင်းပြောသည်။

တရုတ်အနေဖြင့် သံလွင်ရေကာတာ စီမံကိန်းများအပေါ် လူထု၏ ဆန့်ကျင်ကန့်ကွက်မှုများကို ဂရုပြုပြီး မြန်မာပြည် အရှေ့ပိုင်း၏ အဓိကအသက်သွေးကြောပေါ်တွင် တည်ဆောက်ရန် စီစဉ်နေမှုများကို လျင်မြန်စွာ ပယ်ဖျက်သင့်ကြောင်း၊ စင်္ကာပူနိုင်ငံအနေဖြင့်လည်း Surbana Jurong’s ကုမ္ပဏီခွဲ SMEC ကို နောင်ဖာနှင့် မန်တုံရေကာတာစီမံကိန်းနှစ်ခုလုံးတွင်ပါ၀င်နေမှုအားအမြန်ရပ်တန့်သင့်ကြောင်း တောင်းဆိုထားသည်။

Most read this week

September 16, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က...
September 16, 2024
သျှမ်းပြည် လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...
September 13, 2024
သျှမ်းတောင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က စတင် ဖြစ်ပွားနေသည့် ရေကြီး မြေပြိုမှုများကြောင့်...
September 13, 2024
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့...