တရုတ်ရင်းနှီးမြှုပ်နှံမှု တကောင်းတောင် နီကယ်စက်ရုံ နိုင့်ငံရေးကြောင့် တစ်နှစ်ရပ်နား

တရုတ်ရင်းနှီးမြှုပ်နှံမှု တကောင်းတောင် နီကယ်စက်ရုံ နိုင့်ငံရေးကြောင့် တစ်နှစ်ရပ်နား

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်းတောင်နီကယ်စီမံကိန်းမှ လည်ပတ်နေတဲ့ စက်ရုံတွေကို  စက်တင်ဘာ ၃ ရက်မှ စပြီး ရပ်နားလိုက်တယ်လို့ စက်ရုံနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

“ တစ်နှစ်နားလိုက်ပြီ တစ်ချို့ဝန်ထမ်းတွေကတော့ ဒီတိုင်းတိုင်းနေပေါ့ လစာထုတ်ပြီးခန့်ထားတယ် တစ်ချို့ဝန်ထမ်းတွေကတော့ ပြန်ကြပြီ။ မောင်းကုန်းကလည်းအပစ်ခံရတယ်။ တစ်နှစ်ပိတ်လိုက်တယ်ဆိုတော့ သိပ်အခြေ နေမကောင်းဘူး” လို့ သူကပြောပါတယ်။

စက်ရုံရပ်နားမှုဟာ စီမံကိန်းရှေ့ကို စစ်ကောင်စီရဲ့ လေကြောင်းမှ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး တစ်ရက်အကြာ အခုလို ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်းရှိတဲ့ မောင်းကုန်းကျေးရွာကို PDF ပူးပေါင်းတပ်ဖွဲ့တွေ က သိမ်းပိုက်ပြီးနောက် တရုတ်ဘက်က NUG နဲ့ ဆက်သွယ်မှုတွေရှိလာပြီး စက်ရုံအတွင်းရှိ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးအပါအဝင် စီမံကိန်းပုံမှန်လည်ပတ်နိုင်ရေးအတွက် လုံခြုံရေးတွေကိုလည်း NUG က  တာဝန်ယူပေးထားတယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက Myanmar Now မှာ ဖြေဆိုထားပါတယ်။  

“ လည်ပတ်ဖို့ရာမလွယ်လို့မဟုတ်ပါဘူး နိုင်ငံရေးအရှုပ်အရှင်းထဲမပါချင်လို့ ခဏနားပေးလိုက်တဲ့ ပုံစံမျိုး စစ်တပ်ဘက်က သိပ်ပြီးတော့လုံခြုံရေးမပေးနိုင်တဲ့အခါကြတော့ ဟိုဘက်(NUG) နဲ့လုပ်ရမယ်ဆိုရင်လည်း ဒီဘက်(စစ်ကောင်စီ)က လေယဉ်နဲ့လာကြဲမှာဆိုတော့ ပဲလှော်ကြားဆားညှပ် ဖြစ်မှာစိုလို့ မလည်ဘဲနဲ့ရပ်တန့်ထားတာ” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် လတ်တလောမှာ စီမံကိန်းအတွက် လိုအပ်တဲ့ လောင်စာတွေဖြစ်တဲ့ ကျောက်မီးသွေး နဲ့ ဒီဇယ် တွေဟာ မန္တလေး ၊ ရန်ကုန် စတဲ့ မြို့တွေကနေ သယ်ယူနေရပြီး လက်ရှိမှာ လမ်းကြောင်းပိတ်ဆို့မှုများ နှင့် လိုအပ်သလောက် လောင်စာမရရှိတော့တာကြောင့်လည်း ရပ်နားရတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ စက်ရုံနဲ့ နီးစပ်သူက ပြောပါတယ်။

စီမံကိန်းဟာ  တရုတ်နိုင်ငံသားတွေအပါအဝင် မြန်မာ အလုပ်သမား စုစုပေါင်း တစ်ထောင်ကျော်နဲ့ လည်ပတ်နေတာလည်းဖြစ်ပါတယ်။

စီမံကိန်းဟာ တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ China Nonferrous Metal Mining and Construction ရဲ့ စီမံကန်းတစ်ခုဖြစ်ကာ  အမေရိကန်ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားတဲ့  မြန်မာနိုင်ငံမှာ  အကြီးမားဆုံး နီကယ်ထုတ်လုပ်ရေးစီမံကိန်းတစ်ခုဖြစ်ပါတယ်။

Most read this week

September 17, 2024
ဖားကန့်မြို့နယ်မှာ  စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း...
September 12, 2024
ထီးချိုင့်မြို့နယ် ပသုံးလုံးအဖွဲ့ကိုဆန္ဒပြတဲ့ဖြစ်စဉ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ကို...
September 4, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံအထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့...
September 3, 2024
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာကို စစ်ကောင်စီက စက်တင်ဘာလ ၁ ...