ဗန်းမောက်မြို့နယ်တွင် တီဘီ နဲ့ ငှက်ဖျားရောဂါအတွက် ဆေးဝါးရှားပါး

ဗန်းမောက်မြို့နယ်တွင် တီဘီ နဲ့ ငှက်ဖျားရောဂါအတွက် ဆေးဝါးရှားပါး

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ  ဖြစ်ပွားမှုများနေတဲ့  တီဘီရောဂါ နဲ့ ငှက်ဖျားရောဂါတွေအတွက်  ကုသဖို့ ဆေးဝါးတွေဟာ လက်ရှိမှာ ရှားပါးပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ကျန်းမာရေး ဆရာဝန်တွေက ပြောဆိုကြပါတယ်။

“ ကျွန်တော်တို့ လေ့လာမိသလောက်တော့ တီဘီရောဂါရယ် ၊ ငှက်ဖျားရောဂါရယ် ။ ကျွန်တော် ခြုံငုံပြီးလေ့လာလိုက်တဲ့အခါမှာ တီဘီဆေးမရတဲ့လူတွေလည်းရှိတယ်။ ငှက်ဖျားရောဂါဖြစ်ပြီးတော့ ငှက်ဖျားဆေးမသောက်ရတဲ့သူတွေလည်းရှိတယ်။နောက်ပြီးတော့ HIV/AIDS ဖြစ်ပြီးတော့ ART ဆေးလိုမျိုး  မရတဲ့သူတွေလည်းရှိတယ် ၊ လောလောဆယ်က အဲ့ဒီသုံးမျိုးက ဆေးနဲ့ လက်လှမ်းမမှီဘူးလို့ ပြောနိုင်ပါတယ်”လို့ ဗန်းမောက်မြို့နယ် ကျန်းမာရေးဌာနရဲ့ ရောဂါရှာဖွေရေး ဒုတိယ ဓာတ်ခွဲမှူး ကိုဇေယျာထွန်းက ပြောပါတယ်။

ဗန်းမောက်မြို့မှာ ငှက်ဖျားရောဂါအမျိုးအစားထဲက  လူကိုသေစေနိုင်တဲ့ ပလစ်တီမိုဒီယမ်  နဲ့  ဗိုင်းရက်စ် တွေကိုအတွေ့များနေပြီး ဒီရောဂါကုသနိုင်ဖို့အတွက် ဆေးဝါးမရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းမှာ ဗန်းမောက်မြို့နယ်ဟာ ငှက်ဖျားကူးစက်မှုအမြင့်ဆုံးစာရင်းထဲမှာပါဝင်နေပြီး   ၂၀၁၅ ခုနှစ် စတင်ပြီး စစ်ဆေးရာမှာ ၂၀၁၆ တွင် ငှက်ဖျားပိုးတွေ့ရှိသူ (၃၀၀၀)ကျော်၊၂၀၁၇တွင် (၂၀၀၀) ကျော်၊၂၀၁၈တွင်(၁၇၀၀) ကျော်၊ ၂၀၁၉တွင်(၈၀၀)ကျော်၊ ၂၀၂၀တွင် (၆၀၀)ကျော်နှင့် ၂၀၂၁ ဇွန်လ၁၀ရက်အထိ ငှက်ဖျားပိုးစစ်ဆေးကုသပေးခဲ့ရာ(၃၀၀)ကျော်ရှိတယ်လို့  ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

၂၀၂၂ ခုနှစ်မှ ၂၀၂ ၃ ခုနှစ်မှာ ဗန်းမောက်မြို့နယ်တိုက်ပွဲအခြေအနေများကြောင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်အဖွဲ့က စာရင်းပြုစုနိုင်ခြင်းမရှိကြောင်း သိရပါတယ်။

ငှက်ဖျားရောဂါကြောင့် ဗန်းမောက်မြို့နယ်အတွင်းမှာ သေဆုံးသူတွေဟာ နှစ်စဉ်ရှိနေဆဲလည်းဖြစ်ပါတယ်။

“ ငှက်ဖျားကတော့ ဒီဘက်မှာကျန်တယ်ပါ့ ၊ အခုက ဆေးလည်းရှားတယ်။ ခေါင်းကိုက်ဆေးတွေ ဖျားတာနာတာပျောက်တဲ့ဆေးတွေပဲရှိတယ်” လို့ ဗန်းမောက်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဆုပ်ကြောင့် တီဘီရောဂါ  နဲ့ အသည်းရောင်အသားဝါ ဘီပိုး ၊ စီပိုးတွေဟာ လည်း လစဉ်ဖြစ်ပွားမှုရှိနေပြီး လူဦးရေ ၁၀၀ စစ်ဆေးရာမှာ လူဦးရေ ၂၅ ဦးဟာ တီဘီ ဒါမှမဟုတ် အသည်းအရောင်အသားဝါ ရောဂါဖြစ်ပွားတဲ့ လက္ခဏာတွေ တွေ့နေရပြီး ကုသဖို့ ဆေးဝါးလုံလုံလောက်လောက်မရှိဘူးလို့ ကိုဇေယျာထွန်းက ပြောပါတယ်။

အခုလို ရှားပါးပြတ်တောက်နေတဲ့ ဆေးဝါးတွေကို လာမယ့်လအနည်းငယ်အတွင်းမှာ ဗန်းမောက်မြို့ ကျန်းမာရေးဌာနတွေဆီကို သယ်ယူနိုင်မယ့် အစီအစဉ်တစ်ရပ်ကိုလည်း ရေးဆွဲနေကြပြီး ကုသပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ကိုဇေယျာထွန်းက ပြောပါတယ်။

ဗန်းမောက်မြို့က လိုအပ်တဲ့ ဆေးဝါးတွေကို စစ်ကိုင်းတိုင်းကျန်းမာရေးဌာန (မုံရွာ) မှ သယ်ယူနေရပေမယ့် လမ်းကြောင်းပိတ်ပင်ထားမှုကြောင့် ၂၀၂၂ ခုနှစ်ကတည်းက ကျန်းမာရေးဌာနမှ  ကာကွယ်ဆေးအပါအဝင် ဆေးဝါးအများစု ပြတ်တောက်နေတာလည်းဖြစ်ပါတယ်။

Most read this week

September 17, 2024
ဖားကန့်မြို့နယ်မှာ  စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း...
September 12, 2024
ထီးချိုင့်မြို့နယ် ပသုံးလုံးအဖွဲ့ကိုဆန္ဒပြတဲ့ဖြစ်စဉ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ကို...
September 5, 2024
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာရှိတဲ့...
September 4, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံအထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့...