မန္တလေး-မိုးညှင်းကားလမ်းပိတ်ခံထားရတာ (၁၀)ရက်ကျော်ရှိလာပြီး ကုန်စည်များကို လေယာဉ်နဲ့သာသယ်ယူနေရ

မန္တလေး-မိုးညှင်းကားလမ်းပိတ်ခံထားရတာ (၁၀)ရက်ကျော်ရှိလာပြီး ကုန်စည်များကို လေယာဉ်နဲ့သာသယ်ယူနေရ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်အတွင်းကို ဝင်ရောက်နိုင်တဲ့ မန္တလေး-အင်းတော်- မိုးညှင်းကားလမ်းကို ဖြတ်သန်းခွင့်ပိတ်ပင်ထားတာ  (၁၀)ရက်ကျော်ရှိလာတာကြောင့်  ကုန်စည်တွေကို လေယာဉ်နဲ့သာ သယ်ယူနေကြရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဒီဆက်သွယ်ရေးလမ်းပိုင်းမှာရှိနေတဲ့  စစ်ကိုင်းတိုင်းဒေသကြီး၊  အင်းတော်မြို့အနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် လက်နက်ကိုင်နှစ်ဖက်စလုံးက  လမ်းပိုင်းတွေကိုပိတ်လိုက်တာပါ။

လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် ကချင်ပြည်နယ်အတွက် လိုအပ်တဲ့ ကုန်စည်တွေကို လေကြောင်းလိုင်းနဲ့သာ သယ်ယူနေကြတယ်လို့ သိရပါတယ်။

“ ကွမ်းရွက်တွေတောင် စျေးကြီးတယ် လေယာဉ်နဲ့သယ်ရတာကြောင့်မို့ ဝယ်လို့တောင်မရဘူးဖြစ်သွားတယ် ကွမ်းရွက်တွေကိုလည်းလေ ဒီမှာတအားစားကြတာဆိုတော့ ကွမ်းရွက်တော်တော်ပြတ်တယ် တစ်ဆယ်သားကိုတောင်တစ်သောင်းကျော်အောက်ပိုင်းကနေလာတာလေ  ကားလမ်းတွေပိတ်တော့ ခရမ်းချဉ်သီးတွေလည်းအတူတူပါ့ ပြတ်တယ်”လို့  မိုးညှင်းမြို့ခံတစ်ဦးက  ရှမ်းနီအသံကို ပြောပြပါတယ်။

မိုးညှင်းမြို့နယ် ၊မိုးကောင်းမြို့နယ် နဲ့ ဖားကန့်မြို့နယ်က  လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို   မန္တလေး-မြစ်ကြီးနားလေကြောင်းလိုင်းကနေတစ်ဆင့် မြစ်ကြီးနား-မိုးညှင်းကို ကားလမ်းဖြင့် အဆင့်ဆင့် သယ်ယူနေကြရတယ်လို့ သိရပါတယ်။

လက်ရှိမှာ မိုးညှင်းမြို့နယ်အတွင်းမှာ  ခရမ်းချဉ်သီးတစ်လုံး  ၅၀၀ ကျပ်၊ကွမ်းရွက်တစ်ဆယ်သား တစ်သောင်းကျပ် နဲ့ အခြားစားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းတွေလည်း  ပြတ်လပ်ကာ စျေးနှုန်းမြင့်တက်နေဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်ဘက်ကို ဦးတည်သွားတဲ့ ကုန်တင်ကားတွေဟာ အင်းတော်မြို့နယ် မဲဇာတောင်အနီးတဝိုက်မှာ  ရပ်တန့်ထားကြရတာ နှစ်ပတ်နီးပါးရှိလာပြီး  တချို့ကုန်တင်ကားတွေဟာ မန္တလေးမြို့ဘက်ကို ပြန်လှည့်လာခဲ့ပြီလို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

ကုန်စည်စီးဆင်းမှုအတွက် ကားလမ်းပိုင်းအသုံးပြုနိုင်ဖို့ လတ်တလောတွင် မဖြစ်နိုင်သေးသလို အချိန်ကြာမြင့်နိုင်ကြောင်းလည်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။

စစ်ကိုင်း - ကချင်နယ်စပ်မြို့ဖြစ်တဲ့ အင်းတော်မြို့မှာ မြို့သိမ်းတိုက်ပွဲကို ယခုလ ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်ခဲ့တာလို့ သတင်းမှတ်တမ်းများအရ သိရှိထားရပြီး တိုက်ပွဲဆက်လက်ပြင်းထန်ဆဲမို့  လမ်းကြောတစ်လျှောက် ခရီးသည်တင်ကားများနှင့်ကုန်စည်တင်ကားများ ပိတ်မိနေဆဲလဲဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသကြီးမှာရှိတဲ့ အင်းတော်မြို့ ၊ ထီးချိုင့်မြို့တွေမှာ မြို့သိမ်းတိုက်ပွဲပြင်းထန်ပြီး ကုန်းလမ်း ၊ ရေလမ်း အားလုံးပိတ်ထားတာလည်းဖြစ်ပါတယ်။

Most read this week

September 17, 2024
ဖားကန့်မြို့နယ်မှာ  စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း...
September 12, 2024
ထီးချိုင့်မြို့နယ် ပသုံးလုံးအဖွဲ့ကိုဆန္ဒပြတဲ့ဖြစ်စဉ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ကို...
September 5, 2024
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာရှိတဲ့...
September 4, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံအထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့...