နောင်ချိုမြို့နယ် တောင်ခမ်းဒေသ တိုက်ပွဲပြင်းထန်နေပြီး အမြောက်တပ် တပ်ရင်းမှူး ထွက်ပြေးဟု သတင်းထွက်

နောင်ချိုမြို့နယ် တောင်ခမ်းဒေသ တိုက်ပွဲပြင်းထန်နေပြီး အမြောက်တပ် တပ်ရင်းမှူး ထွက်ပြေးဟု သတင်းထွက်

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ မြောက်ဘက်ရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီဘက်က လေကြောင်းနှင့် တာဝေးပစ် အမြောက် ပစ်ကူများ အသုံးပြု ခုခံနေသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်က ယနေ့ (သြဂုတ်လ ၂၈ ရက်) တွင် ပြောသည်။

တိုက်ပွဲများ ပြင်းထန်နေသဖြင့် ယမန်နေ့ ညပိုင်းက ပြင်ဦးလွင်ရှိ စစ်တပ်က တာဝေးပစ် အမြောက်များ ပစ်ခတ်၍ ပစ်ကူပေးခဲ့ပြီး ယနေ့တွင်မူ ပူးပေါင်းတပ်များနှင့် အနီးကပ် တိုက်ပွဲများ ဖြစ်ပွားနေကာ တောင်ခမ်း (၂၀၆) အမြောက်တပ်ရင်း၏ တပ်ရင်းမှူးနှင့် အရာရှိ တချို့ ထွက်ပြေးသွားသည်ဟု သတင်းထွက်ပေါ်နေကြောင်း ၎င်းကဆိုသည်။

‘’အမတ (၂၀၆) တပ်ရင်းမှူးကတော့ လစ် (ပြေး) သွားပြီလို့ ကြားတယ်။ ၄၀၆ ရဲ့ ဇေတဝန်ကုန်းနဲ့ ပွိုင့် ၁၁၀၃ ကုန်းတွေမှာတော့ ထိတွေ့မှုထက် ပိုတယ်လို့ ပြောလို့ရပါတယ်၊ အခြေအနေက ထွေးလုံးရစ်ပတ်ပဲ ဆိုတော့ ပြောရခက်နေသေးတယ်ဗျ” ဟု ၎င်းက ယနေ့ တိုက်ပွဲ အခြေအနေကို ရှင်းပြသည်။

အမြောက်တပ် (အမတ-၂၀၆) တပ်ရင်းမှူးနှင့် အရာရှိ တချို့ ထွက်ပြေးသည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းကစ၍ ပြင်ဦးလွင်မှ တောင်ခမ်းဘက်သို့ လက်နက်ကြီး ပစ်ကူ ပေးနေရာ ယမန်နေ့ ညပိုင်းတွင်မူ တာဝေးပစ်အမြောက် အချက်များစွာ ပစ်ခတ်၍ ပစ်ကူပေးခဲ့သည်ဟု ယူဆရကြောင်း မြို့ခံ တစ်ဦးက ဆိုသည်။

“အရင်ရက်တွေကတည်းက ပစ်နေတာ၊ မနေ့ညကတော့ အသံ အရမ်းကျယ်တယ်၊ တာဝေးပစ် အမြောက်လို့လည်း ပြောကြတယ်။ မြို့ခံတွေကတော့ လန့်တာပေါ့။ တကယ်ဖြစ်လာရင် မလွယ်ဘူး” ဟု မြို့ခံ တစ်ဦးက ရှင်းပြသည်။

တောင်ခမ်းဒေသတွင် စစ်ကောင်စီ၏ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂)၊ အမတ (၃၅၄)၊ အမတ (၂၀၆)၊ အမတ (၄၀၆) စသည့် အမြောက်တပ် ၄ ခု အထိုင်ချ တပ်စွဲထားပြီး တိုက်ခိုက်ရေးတပ်များ အင်အားဖြည့် ခုခံနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က နောင်ချိုမြို့ တောင်ဘက်ရှိ အမှတ် (၆၀၆) ဒုံးတပ်ကို TNLA ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ယင်းတပ်မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များ တောင်ခမ်းတွင် သွားရောက် ပူးပေါင်းခဲ့သည်။

တောင်ခမ်းရွာအနီးရှိ နောင်လိတ်ရွာတွင် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂)၊ ရမခ လက်အောက်ခံ ခမရ (၃၂၅)၊ လပခ လက်အောက်ခံ ခမရ (၃၀၆) တပ်ရင်းတို့ တပ်စွဲ ခုခံနေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲကာ လက်နက်ကြီးများ ပစ်ခတ် ခုခံနေကြောင်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်း TNLA က ထုတ်ပြန်ထားသည်။

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...