ရှမ်းပြည်နယ်မှတ်ပုံတင်ကိုင်ထားသည့် ဝ၊ပလောင်၊ကိုးကန့်လူမျိုးများ ခရီးသွားလာခွင့်စစ်ကောင်စီပိတ်ပင်

ရှမ်းပြည်နယ်မှတ်ပုံတင်ကိုင်ထားသည့် ဝ၊ပလောင်၊ကိုးကန့်လူမျိုးများ ခရီးသွားလာခွင့်စစ်ကောင်စီပိတ်ပင်

ရှမ်းပြည်နယ်မှတ်ပုံတင်ဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၃မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားသော ဝ၊ ပလောင်၊ ကိုးကန့် လူမျိုးများကို ခရီးသွားလက်မှတ်မရောင်းရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ခရီးသွားယာဉ်လိုင်းများထံမှ သိရသည်။

“ဝ၊ ကိုးကန့်၊ ပလောင် အဲ့သုံးမျိုးမရဘူး ၁၃ မျဉ်းစောင်းဆိုရင်။ နှစ်ပတ်ကျော်လောက်ရှိပြီသူတို့ပြောထားတာ။ ဟိုဘက်(စစ်ကောင်စီဌာနဆိုင်ရာ) က ခွင့်ပြုမယ်ဆိုရင်တော့ ရမယ်။ ဘယ်တော့ရမယ်တော့မသိသေးဘူး” ဟု ရန်ကုန်၊ မန္တလေးနှင့် ကျိုင်းတုံ၊ တာချီလိတ်ကို ပြေးဆွဲနေသည့် ယာဉ်လိုင်းတာဝန်ရှိသူတဦးကယနေ့ (ဩဂုတ် ၂၂ ရက်) တွင် ပြောသည်။

၁၃ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားသော ရှမ်းပြည်နယ်မှ ဝ၊ ပလောင်၊ ကိုးကန့် လူမျိုးများအား ရန်ကုန်မှ ရှမ်းပြည်နယ်ဘက်သို့ ကားလက်မှတ် မရောင်းချရန် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများက ညွှန်ကြားထားခြင်းဟု အဆိုပါဂိတ်မှ တာဝန်ခံတဦးက ပြောသည်။

ရှမ်းပြည်နယ်မှ ရန်ကုန်ဘက်ကို သွားလိုသူများကမူ ယခင်ရက်က အဆင်ပြေသော်လည်း လတ်တလောတွင် စစ်‌ကောင်စီဌာနဆိုင်ရာဘက်ကို မေးမြန်းရဦးမည်ဟုဆိုသည်။

ထို့အပြင် ကားဂိတ်အချို့တွင် ၁၃မျဥ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူများအား လက်မှတ်ရောင်းချခြင်းမပြုကြောင်းကိုလည်း ရန်ကုန်-မြဝတီပြေးဆွဲနေသည့် ယာဥ်လိုင်းတခု၏ လက်မှတ်အရောင်းဌာနတာဝန်ခံတဦးကပြောသည်။

“၁၃မျဥ်းစောင်းတွေကတော့ ပိတ်ထားတော့မရဘူး။ အဲ့တာကလွဲရင်ကျန်တဲ့မှတ်ပုံတင်တွေက သွားလို့ရပါတယ်” ဟု ရန်ကုန်−မြဝတီပြေးဆွဲနေသည့် ယာဉ်လိုင်းတခု၏ လက်မှတ်အရောင်းတာဝန်ရှိသူမှ ဩဂုတ် ၂၁ ရက်တွင် ပြောသည်။

လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ယခုကဲ့သ်ို့ ခရီးသွားလာခွင့် ကန့်သတ်လိုက်ခြင်းဖြစ်သည် ။

ယခုကဲ့သို့ ခရီးသွားလာခွင့်ပိတ်ခြင်းသည် စစ်ကောင်စီကလူမျိုးရေး ခွဲခြားခြင်းဖြစ်ကြောင်း UWSA အရာရှိတဦးက မှတ်ချက်ပြုသည်။ အသေးစိတ်ပြောကြားခြင်းမရှိပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့် ဒုတိယပိုင်းအတွင်း MNDAA နှင့် TNLA တို့သည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပ်ိုင်းမှ မြို့နယ်အများအပြားကို သိမ်းပိုက်ထားကာ ယင်းမြို့နယ်များ၌ အုပ်ချုပ်ရေးယန္တရား လည်ပတ်‌ရေး အကောင်အထည်ဖော်နေသည်။

“ဝ” တပ်ဖွဲ့ UWSA အနေဖြင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းတွင် ညီနောင်သုံးဖွဲ့မှ တိုက်ခိုက်ခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့အုပ်ချုပ်ရေးကို လွှဲပြောင်းရယူခဲ့ကာ လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင်လည်း တန့်ယန်းမြို့နှင့် စစ်ကောင်စီ စစ်ရှုံးထားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ထဲတွင် တပ်စွဲနေရာယူထားသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန် ဒေသချင်းဆပ်စပ်နေသည့်ဧရာဝတီတိုင်းအတွင်း ရခိုင်စစ်ဘေးရှောင်များဝင်ရောက်လာမှုကို စောင့်ကြည့်ထားရန် ရဲတပ်ဖွဲ့နှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူး အဆင့်အဆင့်ကို စာထုတ် ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်းဒေသခံများထံမှ သိရသည်။ လက်ရှိတွင် စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်၌သာမက မြန်မာနိုင်ငံအနှံ့အပြားတွင် မြို့နယ်ပေါင်း ၇၀ ကျော်ကို တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ထားရသည်။

Most read this week

September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...
September 16, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် မိုးရွာသွန်းမှုများပြီး အင်းလေးကန်အတွင်း...