ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်များ အဆိုးဆုံး ဆန်ပြတ်လပ်မှုနှင့် ကြုံနေ

ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်များ အဆိုးဆုံး ဆန်ပြတ်လပ်မှုနှင့် ကြုံနေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ဩဂုတ်လအတွင်း ဆန်ပြတ်လပ်မှု အဆိုးဆုံး အခြေ အနေနှင့် ရင်ဆိုင်နေရသည်ဟု ဒေသတွင်း စစ်ဘေးရှောင်များနှင့် စစ်ရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

အလှူရှင်များ ရှားပါးလာခြင်း၊ မိုးဗြဲဆည် ရေလွှတ်ချမှုကြောင့် လယ်ကန်သင်းများ ရေမြုပ်ကုန်ခြင်း၊ မိုးစဉ်ဆက် မပြတ် ရွာသွန်းမှုတို့ကြောင့် စပါးခင်းပျက်စီးခြင်း စသည့် အကြောင်းအရာများကြောင့် ဆန်ပြတ်လပ်လာခြင်း ဖြစ်သည်။

စစ်ဘေးရှောင်အရေး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက “ဆန်ပြတ်လာတော့ အချင်းချင်း မျှကြတာပေါ့။ မျှ လို့ မရတဲ့ နေရာတွေကြတော့ ဆန်ပြုတ်သောက်ပေါ့။ တချို့တွေလည်း တောထဲသွားပြီး ဟင်းရွက်တွေနဲ့ အသားတွေ နဲ့ ချက်စားကြပေါ့။ ဆန်ပြတ်တာက လေကြောင်းလာတာလောက်တော့ မဆိုးသေးဘူး” ဟု ပြောသည်။

ယခင်နှစ်များတွင် နှစ်မကုန်မီ စပါးရိတ်သိမ်းခြင်း၊ အခြားဒေသမှ ဆန်များ ဝင်ရောက်လာခြင်းတို့ကြောင့် ဆန်ရှားပါးမှု၊ ပြတ်လပ်မှု ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင်မူ ထိုသို့ အခြေအနေ မရှိသဖြင့် စစ်ဘေးရှောင်များမှာ ဆန်ရရှိရန်အတွက် စိုးရိမ်ပူပန်နေရသည်။

လတ်တလော အခြေအနေအရ နှစ်ပတ်ခန့်အတွက်သာ ဆန်လုံလောက်တော့မည် ဖြစ်ပြီး တော်လှန်ရေး အင် အားစုများနှင့် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများက ဆန်ရရှိရန် ကြိုးပမ်းနေကြ သည်ဟု ဆိုသည်။

စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက “ဗိုက်ဆာရင် ကလေးတွေက အရမ်းငိုတယ်။ ငယ်ကတည်းက ထမင်းပဲ စားတော့ မုန့်သရေစာတွေလည်း မစားတတ်ဘူး။ အဲဒါတွေလည်း ဒီမှာဝယ်ဖို့ မရှိဘူးလေ” ဟု ပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၃ သောင်းကျော်ခန့် ရှိနေပြီး ဆန်ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသော စစ်ဘေးရှောင်စခန်းပေါင်း ၁၀ ခုထက်မနည်း ရှိနေသည်ဟု ဆိုကြသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ဇွန်လ ၂၅ ရက်နေ့၌ စစ်ကောင်စီက လေကြောင်းမှ တိုက်ခဲ့ပြီး နောက်ပိုင်း တွင် စစ်ရေးအခြေအနေများ ငြိမ်သက်နေပြီး ထူးခြားမှု မရှိသေးဘူးဟု စစ်ဘေးရှောင်များ၏ ပြောပြချက်အရ သိရသည်။

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...