သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ် စစ်ဆေးမှုတင်းကြပ်

သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ် စစ်ဆေးမှုတင်းကြပ်

သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး (တာကော်)တံတားပေါ်ရှိ စစ်ကောင်စီဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။

တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သံလွင်မြစ်ကူး တာကော်တံတား စစ်ကောင်စီဂိတ်တွင် ပြီးခဲ့သည့် ဇူလိုင်လ မှ စတင်၍ သျှမ်းပြည် မြောက်ပိုင်း စစ်ဘေးရှောင်များ၏ နိုင်ငံသားမှတ်ပုံတင်ကတ်နှင့် လူမျိုးကို အဓိက ထား၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ခရီးသည်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ် သူတို့ စစ်တာ ကြမ်းနေတယ်။ ကားပေါ်ကနေ ဆင်းခိုင်းတယ် နိုင်ငံသား မှတ်ပုံတင်တွေ စစ်တယ်။ ယောကျာ်လေးပဲ စစ်တယ်၊ သျှမ်းမြောက်က လာတာဆိုရင် ပိုစစ်တယ်။ တရုတ်တွေ ကိုးကန့်တွေ ဝ တွေ ဆိုရင် ထောက်ခံပေးတဲ့ လူရှိမှ ပေးဖြတ်တာ။ လှည့်ပြန်ရတာတွေလည်း ရှိတယ်။ ဆင်းပြီးနေခဲ့ရတာတွေလည်း များတယ်”ဟု ခရီးသည် အမျိုးသားတစ်ဦးက ပြောသည်။

ထိုတာကော်တံတားရှိ စစ်ကောင်စီဂိတ်သည် စစ်ဖြစ်နေသည့် နယ်မြေ၊ မြို့များမှ တိမ်းရှောင်လာသော လူများကိုသာ အဓိထား၍ စစ်ဆေးနေကြောင်း ၎င်းက ဆက်ပြောသည်။

သံလွင်မြစ်ကူး တာကော်တံတားပေါ်တွင် စစ်ကောင်စီတပ်က ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှုတပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေကြကြောင်း သိရသည်။

တာကော်တံတားသည် သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲနှင့် မိုင်းပြင်းမြို့နယ်အကြား တည်ရှိပြီး သံလွင်မြစ်အား ဖြတ်သန်းဆက်သွယ်ထားသည့် တံတားတစ်စင်း ဖြစ်သည်။

ဇွန်လဆန်းမှ စတင်ပြီး သြဂုတ်လထိ ကျိုင်းတုံမြို့သို့ သွားသည့် ပြည်ထောင်စုလမ်းပိုင်းရှိ မိုင်းပျဉ်းတောင်တွင် မိုးရွာသွန်းမှုကြောင့် တောင်ပြိုပြီး လမ်းချော်မှု ဖြစ်ပွားနေသဖြင့် တွဲကားကြီးများနှင့် ယာဉ်ငယ်များ အစီးရေ ရာနှင့်ချီ နေ့စဉ်ပိတ်မိနေကြောင်း သိရသည်။

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...