သမိုင်းဝင်ရေကန်တွင် ရေပေါ်ဆိုလာ ဓါတ်အားပေးစက်ဆောက်မည်ကို ဒေသခံများ စိုးရိမ်

သမိုင်းဝင်ရေကန်တွင် ရေပေါ်ဆိုလာ ဓါတ်အားပေးစက်ဆောက်မည်ကို ဒေသခံများ စိုးရိမ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်တော်မင်္ဂလာ ရေကန်အတွင်းတွင် ရေပေါ်ဆိုလာ ဓါတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန် စီစဉ်မှုအား မြို့ခံများက စိုးရိမ်နေကြသည်။

မြိတ်မြို့ရှိ ပုလဲရတနာခန်းမတွင် Myanmar Solor Power Tranding Co.,Ltd မှ ရေပေါ်ဆိုလာ လျှပ်စစ် ဓာတ် အားပေးစက်ရုံ (Floating Solar Power Plant) တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ မြို့ခံအချို့အား သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ရှင်းလင်းဆွေးနွေးခြင်းနှင့် သဘောထားရယူခြင်းကို လုပ်ခဲ့သည်။

ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်ရန် လျာထားသည့်  ကန်တော် မင်္ဂလာရေကန်သည် မြိတ်မြို့၏ သမိုင်းဝင်ရေကန် တစ်ခုဖြစ်ပြီး ရေကန်အကျယ် (၂၁.၆၄၀) ဧက ရှိကာ မြစ်ငယ်ရပ်ကွက်တွင် တည်ရှိသည်။

ရှေးဟောင်းအမွေ အနှစ်တစ်ခု ဖြစ်နေသည့် နေရာမျိုးတွင် လုပ်သင့် မလုပ်သင့်ဆိုသည်ကို လူတိုင်းသိရှိရမှာဖြစ် ပြီး ရင်းနှီးမြုပ်နှံသူ နှင့် နေရာပြသည့် သူတို့၏ အရည်အချင်း၊ စိတ်၊ ဉာဏ် အမြော်အမြင်တို့နှင့်လည်း သက်ဆိုင် နေသည်ဟု  မြို့ခံတစ်ဦးက ဆိုသည်။

“ရေကန်ရဲ့ ဂေဟ စနစ်ကို ထိခိုက်မှာလည်း စိုးရိမ်တယ်။ ဒီလိုနေရာမှာ လုပ်သင့်မလုပ်သင့်ဆိုတာ နားလည်သင့်တယ်။”

ရှင်းလင်းဆွေးနွေးနွေးပွဲတွင် တနင်္သာရီ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အမှာစကား ပြောကြားခဲ့ပြီး Myanmar Solor Power Tranding Co.,Ltd မှ စီမံကိန်း ဒါရိုက်တာ ဒေါက်တာ ဝင့်ဝင့်ကျော် က ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ ရေကန်အတွင်း (၇.၇၇) ဧက အသုံးပြုသွားမည်ဟု ရှင်းလင်း ပြောကြားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့မှ လေ့လာဆန်းစစ်နေသူ တစ်ဦးက “Solar Farm အရွယ်အစားအလိုက် ကြီးရင် ကြီးသလောက် တန်ပြန် သက်ရောက်မှုတွေ ရှိပါတယ်။ လျှပ်စစ် ထွက်ရှိ မှုအလိုက် အပူချိန်ဟာ မူလသဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို တိုက်ရိုက် ထိခိုက်စေမှာ ဖြစ်ပြီး ရေခမ်းခြောက်မှုနဲ့အတူ ရေကန်ရဲ့ ဂေဟစနစ်ကို ထိခိုက်ပျက်စီး‌ စေနိုင်ပါတယ်။ အသေးစား မဟုတ်တဲ့ အတွက် အဲဒီဒဏ်က အနီးပတ်ဝန်းကျင်ကို ထိခိုက်စေမှာပါ” ဟု ပြောသည်။

ဆိုလာပြားများ စွန့်ပစ်မှုက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည်ဟု ဆိုလာ စနစ်များဆိုင်ရာ အချက်အလက်များ ဖော်ပြထားသည့် GreenMatch ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပြီး အသုံးပြုပြီး ဆိုလာ ဘက်ထရီ စွန့်ပစ်မှုများ စနစ်တကျမဖြစ်ပါကလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ရုံသာမက ဒေသခံများကိုပါ ကျန်းမာရေး သက်ရောက်မှုများ ရှိလာနိုင်သည်။

မြိတ်မြို့တွင် မြေအောက်ရေ အလွန်အကျွံ ထုတ်ယူ သုံးစွဲနေသည့်အတွက် ရေအရည်အသွေး ကျဆင်းမှုနှင့်အတူ ရေရှားပါးမှုဒဏ်ကို မလွဲမသွေခံစားရမည့် အန္တရာယ် ရှိနေသည့်မြို့လည်း ဖြစ်နေသည်ကို လေ့လာတွေ့ရှိနေရကြောင်း ၎င်းက ပြောသည်။

ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းတွင် ဆိုလာအချပ်ရေ (၇,၄၈၈) ချပ်ကို တပ်ဆင်သွားမည် ဖြစ်ပြီး ဆိုလာစွမ်းအင်မှ (၄.၀၈) မီဂါဝပ် ထုတ်လုပ်ကာ အင်ဗာတာ (၁၆)လုံး တပ်ဆင်မည်ဖြစ် ကြောင်း အချက်အလက်များ ရရှိထားသည်ဟု ဆိုသည်။

ရေကန်အနီးတွင် အထက်တန်းကျောင်း တစ်ကျောင်း၊ မူလတန်းကျောင်း တစ်ကျောင်း၊ သာသနိကအဆောက်

အအုံများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်ခြေများရှိပြီး ရေကန် စိမ်းလန်းစိုပြည် သာယာလှပရေး အတွက် ၂၀၁၈ ခုနှစ်တွင် ပြန်လည် တူးဖော်ဆောင်ရွက်ထားရှိသည့် ပြည်သူများ အနားယူ အပန်းဖြေနေသော ရေကန်တစ်ကန်လည်း ဖြစ်သည်။

ကန်တော်မင်္ဂလာကို အေဒီ ၁၈၁၅ ခုနှစ်က မြို့တော်ဝန် ပဲထောင့်စားမင်း လက်ထက်တွင် တူးဖေါ်ခဲ့သည့် ရှေးဟောင်းရေကန်ကြီး ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...