(၅)လအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့ပြီး မုန်းဒေသခံ တစ်သောင်းကျော် စစ်ရှောင်နေရ

(၅)လအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့ပြီး မုန်းဒေသခံ တစ်သောင်းကျော် စစ်ရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် ပြီးခဲ့သည့်် ဧပြီလမှ ဩဂုတ်လ(၁၅)ရက်နေ့အထိ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု (၇)ကြိမ်ပြုလုပ်ခြင်း၊ ရွာအတွင်း ဝင်ရောက်မီးရှို့ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံ(၁၀,၇၃၄)ဦး စစ်ဘေးရှောင်ခဲ့ရကြောင်း မြို့နယ်၏ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ယနေ့ ထုတ်ပြန်သည်။

ထိုသို့ပစ်ခတ်မှုများကြောင့် မုန်းမြို့နယ်ဒေသခံ(၁၉)ဦး သေဆုံးပြီး (၅၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်ပေါင်း (၂၀၀)ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားသလို စစ်ကောင်စီက ယနေ့အထိ နေ့၊ညမရွေး တိုက်ပွဲ ရှိရှိ၊မရှိ လက်နက်ကြီးပစ်ခတ်သဖြင့် စစ်ရှောင်နေရခြင်းလည်းဖြစ်သည်ဟု ကော်မတီတာဝန်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“အခုလည်း နေ့တိုင်း ညတိုင်းလိုလိုလက်နက်ကြီး တစ်ရက်ကိုအနည်းဆုံး (၁၀)လုံး ပစ်ချတယ်။ ဖြူးမြို့နယ်ထဲက တချို့ရွာတွေဆို မနေရဲလို့ပြေးကြပြီ ရွှေဝါရွာအခြေစိုက်တပ်ကရော နတ်သံကွင်းဘက်ကရော လိုက်ထု ချတဲ့အခါကျတော့ စစ်တောင်းမြစ်အနောက်ကလူတွေ လွတ်ရာလိုက်အိပ်ပုန်းနေရတယ် ။

နေ့ခင်းဘက်ဆိုရွာပြန်ကိုယ့်အလုပ်ကိုယ်လုပ် အဲ့လိုပေါ့” ဟု ၎င်းတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ပြီးခဲ့သည့်လပိုင်းက တစ်နိုင်ငံလုံးနီးပါး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မုန်းမြို့နယ်တွင်လည်း ရေကြီးမှုကြောင့် နေအိမ်ပေါင်း(၂၆)လုံးပျက်စီးပြီး ကျေးရွာပေါင်း (၁၀၀)ရာကျော်ရှိ ဒေသခံ (၇၂,၄၂၉)ဦး ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ရသည်ဟုလည်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကော်မတီအနေဖြင့်လည်း စစ်ဘေးသင့်၊ ရေဘေးသင့်ပြည်သူများကို ကရင်အမျိုးသမီးအစည်းအရုံး-KWO, ကရင်ပြည်တွင်းနေရပ်စွန့်ခွာရသူများဆိုင်ရာ ကော်မတီ-CIDKP အစရှိသည့်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ ထောက်ပံ့ကူညီခဲ့သည်ဟု ဆိုသည်။

သို့သော် လက်ရှိအချိန်ထိ စစ်ကောင်စီကပြည်သူလူထုနေထိုင်ရာကျေးရွာများသို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပြင် နဂိုရှိနေသော စစ်ရှောင်နှင့် ရေဘေး၊ စစ်ဘေးကြောင့် နောက်ထပ်တိုးလာသူ စစ်ရှောင်များအား ကူညီထောက်ပံ့နိုင်ရန် လိုအပ်ချက်ရှိနေဆဲဖြစ်ကြေင်းလည်း ကော်မတီထံမှသိရသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ပြည်သူလူထု ပစ်မှတ်ထားတိုက်ခိုက်မှုများကို အမြန်ဆုံးရပ်တန့်ရန်၊ နိုင်ငံတကာအနေဖြင့် သဘာဝဘေးနှင့်စစ်ဘေးကြုံတွေ့နေရသည့် ပြည်သူများ၏ စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် အကူအညီပေးရန်၊ ပြည်တွင်းပြည်ပရှိ ကရင်လူထု၊ အဖွဲ့အစည်း၊ နိုင်ငံတ ကာအစိုးရများ၊ လူ့အခွင့်ရေးလှုပ်ရှားဆောင်ရွက်သူများအနေဖြင့် စစ်ကောင်စီအား ပိုမိုထိရောက်သော အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန်တို့ကိုလည်း ကော်မတီက တောင်းဆိုထားသည်။

ကေအဲန်ယူ-ဗဟို၏ ဇူလိုင်လ(၁၂)ရက်နေ့ ထုတ်ပြန်ချက်အရ မုန်းမြို့နယ်အပါအဝင် ညောင်လေးပင်ခရိုင်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း (၄၃၀,၀၀၀)ကျော်ရှိသည်။

Most read this week

January 16, 2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့်...
January 14, 2025
ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင်များအတွက် နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းဆိုင်ရာ...
January 14, 2025
နန်းဝေဖြိုးဇာ — “အဲဒီတုန်းက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ မြေမြှုပ်မိုင်းနင်းမိတော့ ခြေထောက်တစ်ဖက်...
January 13, 2025
ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်းနှင့် လမ်းသစ်တို့ကို ပြန်သိမ်းနိုင်ရန်...