ဘဏ်အတိုးနှုန်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီကြေညာ

ဘဏ်အတိုးနှုန်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီကြေညာ

ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်း အထိုက်အလျောက်လျော့ကျစေဖို့အတွက် ဘဏ်အတိုးနှုန်း တိုးမြှင့်သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်နေ့ ရက် စွဲနဲ့ ကြေညာပါတယ်။

ဘဏ်အတိုးနှုန်း တိုးမြှင့်သတ်မှတ်မှုဟာ ပြည်သူတွေအနေနဲ့ ဘဏ်အပ်ငွေအပေါ်မှာ အတိုးဝင်ငွေ ပိုမိုရရှိစေဖို့နဲ့ ဘဏ်တွေရဲ့ ချေးငွေထုတ်ချေးနိုင်မှု ပိုမိုများလာပြီး စီးပွားရေးတိုးတက်မှု အထောက် အကူပြုစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဘဏ်အတိုးနှုန်းကို ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်လိုက်ပြီး ဘဏ်တွေက အပ်ငွေအပေါ် ပေးရတဲ့အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနဲ့ ချေးငွေအားလုံးအတွက် ကောက်ခံနိုင်တဲ့အများဆုံး အတိုးနှုန်း ၁၅ ရာခိုင်နှုန်းအထိ ပြင်ဆင်သတ်မှတ်လိုက်တာပါ။

စီးပွားရေးပညာရှင် တစ်ဦးကတော့ ဘဏ်အတိုးနှုန်း ပြင်ဆင်သတ်မှတ်မှုဟာ ဘဏ်တွေမှာ အပ်ငွေတွေ နည်းပါးလာတာကြောင့် လုပ်ဆောင်တာဖြစ်ပေမယ့် ငွေကြေးဖောင်းပွမှုကြောင့် ဘဏ်တွေမှာ လာရောက်ပြန်အပ်ဖို့ အလားအလာနည်းတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုကတော့ သူတို့က ငွေကြေးဖောင်းပွမှု ထိန်းတယ်လို့တော့ နာမည်တပ်ထားတယ်။ ဘဏ်တွေမှာ အပ်ငွေတွေက လျောလျောသွားတယ်နဲ့တူတယ်။ အဲဒါကြောင့် ဘဏ်တွေမှာ အပ်ငွေလျော့ပြီး အပြင်မှာအသုံးပြုမှုများနေတော့ သူတို့ဘဏ်ကိုပြန်ပြီး အပ်စေချင်လို့ အတိုးနှုန်းမြှင့်လိုက်တာပဲ။ ဒါပေမယ့် သူတို့မြှင့်တဲ့ အတိုးနှုန်းက ငွေကြေးဖောင်းပွမှုထက် နိမ့်နေသေးတယ်။ ငွေကြေးဖောင်းပွမှုက အတိုးနှုန်းထက်ပိုမြင့်နေတော့ အဲဒီဟာက အလားအလာတော့နည်းပါတယ်။ အဲဒီဘဏ်တွေဆီကို ပြန်ပြီးအပ်ဖို့အတွက်ပါပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် ငွေကြေးဖောင်းပွမှုကို လျော့ချဖို့အတွက်ဆိုရင် စစ်ကောင်စီအနေနဲ့ ငွေကြေးအများအ ပြား ရိုက်နှိပ်ထုတ်ဝေမှုတွေကို ထိန်းချုပ်ရမှာဖြစ်သလို မထိန်းချုပ်ပါက ငွေကြေးဖောင်းပွမှုတွေ ဆက်ဖြစ်နေမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကတော့ ဘဏ်တွေအနေနဲ့ မိမိတို့ရဲ့ အမြတ်ရနိုင်စွမ်းနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲနိုင်မှုအရ အပ်ငွေနဲ့ ချေးငွေအတိုးနှုန်းတွေကို ၇ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိတဲ့ အထူးချေးငွေတွေရဲ့ အတိုးနှုန်းတွေကို ပြောင်းလဲမှုမရှိသလို အခုအတိုးနှုန်း ပြင်ဆင်ချက်ကိုတော့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး အကျိုးသက်ရောက်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘဏ်အတိုးနှုန်းတွေ တိုးမြှင့်ပေးလိုက်ပေမယ့်အပြင်မှာ ငွေကြေးဖောင်းပွမှုက ပိုများနေတာကြောင့် ဘဏ်မှာငွေမအပ်ဘဲ ရွှေ၊ ဒေါ်လာနဲ့ တခြား အိမ်ခြံမြေတွေမှာ ရင်းနှီးကြမှာဖြစ်သလို နိုင်ငံ ရေးပြဿနာ မဖြေရှင်းသရွေ့ စီးပွားရေးရိုက်ခတ်နေဦးမယ်လို့ စီးပွားရေးပညာရှင်က သုံးသပ်ပါတယ်။

“သူက အခု ၁၀ ရာခိုင်နှုန်းတိုးပေးတယ်ပဲထား။ အပြင်မှာက ငွေကြေးဖောင်းပွမှုက ၂၀ ရာခိုင်နှုန်း ဖြစ်နေတယ်ဆိုတော့ အဲဒီအပ်ထားတဲ့ဘဏ်မှာ တစ်နှစ်ကြာရင် ၁၀ ရာခိုင်နှုန်းကရှုံးနေပြီ။ ငွေနဲ့ထားလို့ရှိရင်ဆိုတော့ အဲဒီလိုမျိုးအပ်တာထပ် အပြင်မှာပဲ တခြားဟာတွေနဲ့ ရွှေတို့၊ ဒေါ်လာတို့၊ တခြားအိမ်ခြံမြေတို့ ဒါတွေထဲမှာပဲ ဆက်ပြီးတော့ ရင်းနှီးကြလိမ့်မယ်လို့ပဲထင်တယ်။ သူတို့ပြောတဲ့ ငွေ ကြေးဖောင်းပွမှုကို လျော့နိုင်မယ်လို့ သူတို့နောက်ကွယ်က ရည်ရွယ်ထားတဲ့ ဒီဘဏ်ရဲ့စုငွေတွေ တက်လာမယ်တို့ ဘာတို့မထင်ဘူး။ အဓိကက ဒီစီးပွားရေး ပြဿနာမဟုတ်ဘူး။ နိုင်ငံရေး ပြဿနာပဲ။ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သရွေ့ကတော့ ဒီစီးပွားရေးအပေါ်မှာ ရိုက်ခတ်နေအုံးမှာပဲ”လို့ ဆိုပါတယ်။

စစ်ကောင်စီက ဘဏ်တွေမှာ ငွေပြန်စုသူတွေ များလာဖို့ လုပ်ဆောင်နေပေမယ့် တဖက်မှာစစ်ကောင်စီက ဘဏ်တွေကိုအရေးယူနေတာ၊ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေဟာ ဘဏ်တွေအပေါ် ယုံကြည်မှုကျဆင်းနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်းတွေ ဆက်လက်မြင့်တက်နေဖွယ်ရှိတဲ့အတွက် ဆင်းရဲမှုအခြေအနေမှာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဆက်လက်ဆိုးရွားနေမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

Most read this week

September 21, 2024
မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ်...
September 20, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို...
September 19, 2024
လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့်...
September 17, 2024
လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ...