KNU ကော့ကရိတ်မြို့နယ်ထဲ လက်နက်ကြီးကျလို့ ကလေးတစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ

KNU ကော့ကရိတ်မြို့နယ်ထဲ လက်နက်ကြီးကျလို့ ကလေးတစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ

KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ထီးမူးထကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့က စစ်ကောင်စီတပ် စွယ်တော်ကုန်းတပ်စခန်းကနေ ၈၁ မမ လက်နက် ကြီးတစ်လုံး ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ထီးမူးထကျေးရွာထဲ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ကလေးငယ်ဟာ အသက် ၉ လသားအရွယ်ရှိပြီး ဒဏ်ရာရရှိသွားတဲ့ ကလေးနှစ်ဦးကတော့ အသက် ၄ နှစ် နဲ့ အသက် ၅ နှစ်အရွယ်ရှိပြီဖြစ်ကာ ကျန်အရပ်သားတွေကတော့ အမျိုးသမီးနှစ်ဦး အမျိုးသားတစ်ဦးတို့ ဖြစ်ကြတယ်လို့ KNU က ဆိုထားပါတယ်။

ဒါ့အပြင် KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ် တပ်မဟာ ၃ နယ်မြေထဲမှာလည်း ဩဂုတ် ၉ ရက်နေ့က စစ်ကောင်စီတပ် ခလရ ၇၃ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ သပြေညွန့်ကျေး ရွာအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၅ လုံး ပျက်စီးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU သထုံခရိုင် တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းမှာလည်း ဩဂုတ် ၁၀ ရက်က စစ်ကောင်စီ အမြောက်တပ် ၃၁၀ တပ်က လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ အခိုင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ငါးရှာနေတဲ့ မုက္ခမော့ရွာသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်ကာ အပြင်း အထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အခုနှစ် ခြောက်လတာအတွင်း စစ်ကောင်စီတပ်က ပြည်သူ လူထုအပေါ် ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃၄ ဦး သေဆုံးခဲ့ပြီး ၄၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Most read this week

September 21, 2024
မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ်...
September 20, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို...
September 19, 2024
လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့်...
September 17, 2024
လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ...