ဟိုပုံးမြို့နယ် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကောင်စီ စတင်ခေါ်ဆောင်တော့မည်

ဟိုပုံးမြို့နယ် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကောင်စီ စတင်ခေါ်ဆောင်တော့မည်

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီမှ အမျိုးသမီးများကို စစ်မှုထမ်းရန် စတင်ခေါ်ဆောင်သွားမည်ဟု စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ ဟိုပုံးမြို့နယ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီမှ စစ်မှုထမ်းခေါ်ရန် အတွက် ပိုက်ဆံကောက်ခံထားပြီး ၊ ရပ်ကွက်လူကြီးများလည်း အမျိုးသမီးစစ်မှုထမ်း အမည်ပေါက်သူများကို လာရောက် သတိပေးမှု ရှိနေကြောင်း ဟိုပုံးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ မိန်းကလေးတွေအလှည့်လာမယ်လို့ သူတို့က သတိပေးနေပြီ။ စစ်မှုထမ်းဖို့ အမျိုးသမီးတွေ နာမည်တောင်ထွက်နေပြီ၊ ပေါက်နေပြီ။ အမျိုးသမီးတွေ လည်းကြောက်လို့ ရှောင်နေရပြီ” ဟု ၎င်းအမျိုးသားက ပြောသည်။

၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလမှာပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် အသက်သွင်းပြီးနောက် စစ်သားစုဆောင်းမှုကို မတ်လအလယ်တွင်စတင်စုဆောင်းခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် ကြားဖြတ် သန်းကောင်စာရင်းအရ စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်သူ မြန်မာနိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း၊ စုစုပေါင်း ၁၄ သန်းရှိသည်ဟု ၂၀၂၄ခုန်စ ဖေဖော်ဝါရီ လပိုင်းတွင် စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားမှ တစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

လက်ရှိမှာ စစ်ကောင်စီ ခေါ်ယူနေသည့် စစ်မှုထမ်းသည် စတုတ္တအကြိမ်မြောက်ဖြစ်ပြီး၊ အမျိုးသမီး စစ်မှုထမ်းရန်အတွက် အချို့ဒေသများတွင် တတိယအကြိမ်တွင် ဆင့်ခေါ်နေပြီး၊ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် စတုတ္ထအကြိမ်တွင် ဆင့်ခေါ်မည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

“ကျနော်ရဲ့ တူမလေးဆိုရင် အာဏာသိမ်းကတည်းက ကျောင်းလည်းမတက်ရဘူး။ အသက်အရွယ်ကလည်း စိုးရိမ်ရတယ်။ နောက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒီလိုသတိလာပေးတော့ စိုးရိမ်မှုကတော့ရှိတာပေါ့” ဟု ၎င်းအမျိုးသားကဆိုသည်။

ထို့ပြင် စစ်ကောင်စီမှ ပြည်သူများကို စစ်မှုထမ်းရန် ပိုက်ဆံ ကျပ်သိန်း ၆၀ မှ ၈၀ ကြား မက်လုံးပေး၍ ခေါ်ဆောင်ကာ လက်တွေ့တွင် ပိုက်ဆံပေးဆောင်မှုမရှိကြောင်း စစ်မှုထမ်းသွားသည့် လူငယ်တစ်ဦး၏ ဆွေမျိုးနီးစပ်သူက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မဲက မနှိုက်ဘူး။သွားချင်တဲ့လူကို သွားကြတာ။သူတို့ ကပိုက်ဆံနဲ့ မက်လုံးပေးထားတော့ ပိုက်ဆံကလည်းများ တော့ တချို့တွေကသွားကြတာပေါ့။ သူတိုကလည်း ပိုက်ဆံရမယ်ထင်လို့ ဝင်ကြတာပေါ့။ပြီးတော့ သူတို့ကတော့ ပိုက်ဆံလည်း မရဘူး” ဟု ၎င်းက ဆိုပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ရက်တွင် ဟိုပုံးမြို့နယ် အနောက်ရပ်ကွက်တွင် စစ်ကောင်စီကနေပြီး စစ်မှုထမ်းခေါ်ဆိုရာ မလိုက်လိုပဲ လူငှား တစ်ဦးခေါ်ဆိုပါက (၇၅)သိန်း ပေးဆောင်ရမည်ဟု ပြောဆိုရာမှ ရန်ဖြစ်ပွားခဲ့ကြကြောင်းအစည်းအဝေ’ တွင်ပြောဆိုခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်သင်တန်းကာလကို ၃ လလျာထားပြီး တစ်နှစ်လျင် ၄ ကြိမ် စစ်မှုထမ်းရန် ခေါ်ယူမည်ဟု ဆိုထားရာ တစ်နှစ်လျှင် ပြည်သူ ၂၀,၀၀၀ စစ်မှုထမ်းရန် ခေါ်ယူမည် ဖြစ်သည်။

ပညာရှင်ဟု သတ်မှတ်ခံရသည့် အမျိုးသားများအနေဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ အမျိုးသမီးများ အနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရမည်ဖြစ်သည်။

စစ်မှုထမ်းကာလသည် ၂ နှစ်အထိ ဖြစ်ပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်း ကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ဉပဒေ ပြန်ဋ္ဌာန်ထားသည်။

အထက်ပါ ဥပဒေကိုလည်း စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ တွင် ပြဋ္ဌာန်းခဲ့ခြင်းပင် ဖြစ်သည်။

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...