နောင်ချိုမြို့နယ် နောင်လင်ကျေးရွာဘက် စစ်ကောင်စီတပ်‌ လေကြောင်းဗုံးကြဲ၊ အရပ်သား (၃) ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ် နောင်လင်ကျေးရွာဘက် စစ်ကောင်စီတပ်‌ လေကြောင်းဗုံးကြဲ၊ အရပ်သား (၃) ဦး ဒဏ်ရာရ

သျှမ်းပြည် နောင်ချိုမြို့နယ် နောင်လင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၃)ဦး ဗုံးဆံထိမှန်ပြီး ဒဏ်ရာရခဲ့သည်ဟု စုံစမ်းသိရသည်။

ဩဂုတ် ၁၃ ရက် နံနက် ၂ နာရီခန့်မှ စတင်၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ရှိ နောင်လင်ရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံလာရောက် ဗုံးကြဲခဲ့ခြင်းကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦး ပျက်စီးမှုများပြားကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့မနက် လူအိပ်ချိန် နောင်လင်ရွာဘက်ကို စစ်တပ်က ဆက်တိုက်ဗုံးလာကြဲသွားတယ်။ ရွာသား ၃ဦး ဒဏ်ရာရနေတယ်။ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့လည်း TNLA ပူးပေါင်းတပ်တွေ တစ်နေကုန်လုံး တိုက်ပွဲဖြစ်တယ်’’ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဩ‌ဂုတ် ၁၃ ရက် နေ့လည် ၃ နာရီခန့်တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ TNLA ထိန်းချုပ်ထားသည့် အုမ္မသီး၊ အုမ္မခါးကျေးရွာဘက် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ကာ တစ်နာရီအတွင်း လက်နက်ကြီး အလုံး (၃၀) ခန့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းတွင်လည်း ဘန့်ဘွေးအနီးရှိ ကံကော်ရွာဘက်တွင် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

“မနေ့က နေ့လည် ၃ နာရီမှာ ဘန့်ဘွေးတပ်ကနေ အုမ္မသီး၊ အုမ္မခါးရွာဘက်တွေကို စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တယ်။ တစ်နာရီအတွင်းပဲ လက်နက်ကြီး အလုံး ၃၀ လောက်ကျတယ် ။ ဒီနေ့ ကံကော်ကျေးရွာဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်”ဟု ၎င်းနောင်ချိုဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် ရွှေမုဋ္ဌောကျေးရွာအနီး အင်အားဖြည့် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်တို့ တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နောင်ချိုမြို့နယ်တွင် အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့် နောင်လင်ကျေးရွာဘက်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းမှ စတင်ပြီး သျှမ်းပြည်တောင်ပိုင်း ကလောမြို့အခြေစိုက် စစ်ကောင်စီ တပ်မ (၅၅) ကို စစ်ကား (၃၂) စီးခန့်ဖြင့် ဗထူးတပ်မြို့တွင် စုဖွဲ့၍ ရပ်စောက်-ကျောက်ဂူ-အင်တောလမ်းမှ နောင်ချိုမြို့နယ်ဘက်သို့ စစ်ကူသွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားထားသည်။

နောင်ချိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များမှာ လွယ်တောင်း၊ ဆေးထိုး၊ ကျောင်းခမ်း၊ နားခေါ့၊ ပလောင်ကုန်း၊ သဲတိုက်၊ ပန်ဟိုက်၊ အင်းဝိုင်း စသည့် ကျေးရွာများသို့ ထွက်ပြေးရောက်ရှိနေပြီး စစ်ဘေးရှောင် (၂၀၀၀) ကျော်အတွက် စားနပ်ရိက္ခာများကို ဘန့်ဘေး၊ ခြေမြစ်ပင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သယ်ဆောင်ခွင့်မပေးခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...