မွန်ပြည်နယ်မှာလည်း စက်သုံးဆီပြတ်ပြီ

မွန်ပြည်နယ်မှာလည်း စက်သုံးဆီပြတ်ပြီ

မွန်ပြည်နယ်အတွင်း စက်သုံးဆီဝင်ရောက်မှုမရှိတဲ့အတွက် စက်သုံးဆီအရောင်းဆိုင်အများစုမှာ ဆီ လုံးဝပြတ်လပ်သွားပြီး ဝယ်ယူလို့ မရတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေ နဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။

စက်သုံးဆီပြတ်လပ်မှုဟာ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်အပါအဝင် မြို့နယ် ၁၀ မြို့နယ်လုံးမှာ သြဂုတ် ၁၃ ရက်နေ့ကစ ဖြစ်ပွားခဲ့ပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေမှာတော့ လူသုံးများတဲ့ ဓာတ်ဆီ အမျိုးအစား အောက်တိန်း 92 နဲ့ 95  တွေအပြင် ဒီဇယ်အမျိုးအစား ပရီမီယံဒီဇယ်နဲ့ ရိုးရိုး ဒီဇယ်တွေကအစ လုံးဝပြတ်လပ်သွားတာ ဖြစ်ပါတယ်။

စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ စက်သုံးဆီပြတ်လပ်မှု ဆိုးရွားလာတာဟာ ဒေါ်လာ လိုအပ်ချက်ကြောင့်ဖြစ်ပြီး ရန်ကုန်သီလဝါဆိပ်ကမ်းမှာ ဆီချရမယ့်သင်္ဘောတွေ အများကြီးရှိပေမယ့် ဒေါ်လာမပေးချေနိုင်တာကြောင့် စက်သုံးဆီမချပေးတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ ဒေါ်လာလိုအပ်ချက်ပေါ့။ ရှင်းရှင်းပြောရင် သီလဝါမှာတင် ဆီချရမယ့်သင်္ဘောတွေက အများကြီး။ ဒါပေမယ့် ငွေပေးချေမှုတွေမရတော့ ဆီတွေမချဘူး။ အဓိကတော့ ရှင်းရှင်းပြောရင် ဆီသင်္ဘောတွေ ဝင်လာပြီးရင် ဒီပေးချေမယ့်ငွေတွေက မပေးနိုင်ဘူးလေ။ ပစ္စည်းအဝင်နဲ့ ပေးရမယ့်ငွေနဲ့မမျှဘူး။ လိုအပ်ချက်များနေတဲ့အတွက်ကို လိုသလိုတင်သွင်းလို့ မရဘူး။ အဓိက ကအဲဒါပဲ။ ငွေပေါပေါသီသီရှိရင် အားလုံးပြန်ဆင်းမယ်။ ငွေကပိုပိုဆိုးလာတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီဝယ်ယူဖို့အတွက် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အရင်လိုဒေါ်လာတွေကို လိုသလောက် ရောင်းချမပေးတော့သလို အပြင်မှာဝယ်ယူပါကလည်း ပြင်ပဒေါ်လာပေါက် ဈေး အဆမတန်မြင့်တက်နေတာကြောင့် စက်သုံးဆီတင်သွင်းဖို့ ပိုမိုခက်ခဲလာတာ ဖြစ်တယ်လို့ သူ က ဆက်ပြောပါတယ်။

မော်လမြိုင်မြို့ခံ ယာဉ်မောင်းတစ်ဦးကလည်း စက်သုံးဆီပြတ်လပ်မှုကြောင့် အချိန်အကြာကြီး တန်းစီဝယ်ယူနေရပေမယ့် လိုသလောက် ရောင်းချပေးတာမရှိဘူးလို့ ပြောပါတယ်။

“ တစ်မြို့လုံးမှာ တစ်ဆိုင်ပဲရှိတယ်။ ကျွန်တော် သိရသလောက်က ဒီနေ့တစ်နေကုန်မှာ အဲဒီတစ်ဆိုင်ပဲ ရှိတယ်၊ အဲဒီတစ်ဆိုင်တောင် မနည်းကြီးတန်းစီရတယ်။ ၄၅ မိနစ်လောက် ကြာတယ်ဗျာ။ ဆီရတော့လည်း ၅၀၀၀ ဖိုးပဲရတယ်။ ဆီမရှိရင် မောင်းလို့မရတော့ဘူးလေ။ မောင်းလို့မရတော့ရင် အခုတောင်မနည်းဘူး ခက်ခဲနေတာ။ ဆီသာအခုလိုနေ့တိုင်းပုံမှန် တန်းစီရမယ်ဆိုရင် ခရီးသည်မမောင်းရဘဲ ဆီဆိုင်မှာဘဲ နှစ်ပါးသွားနေရမယ်”လို့ ဆိုပါတယ်။

စက်သုံးဆီဝယ်ယူတဲ့နေရာမှာ နာရီနဲ့ချီ စောင့်ဆိုင်း ဝယ်ယူရပေမယ့် ရောင်းချပေးတဲ့နေရာမှာတော့ ဆိုင်ကယ်တစ်စီးကို ကျပ် ၃၀၀၀ ၊ မီနီအိုးဝေ တစ်စီးကို ကျပ် ၅၀၀၀ နဲ့ ကားတစ်စီးကို ကျပ် ၂၀၀၀၀   သာ အကန့်အသတ်နဲ့ ရောင်းချပေးနေတာပါ။

စက်သုံးဆီပြတ်လပ်မှုကြောင့် မှောင်ခိုဈေးကွက်မှာ တစ်လီတာကို ကျပ် ၅၀၀၀ ကနေ ကျပ် ၇၀၀၀ အထိ ပေါက်ဈေးရှိနေပေမယ့် တချို့ဒေသတွေမှာတော့ မှောင်ခိုဈေးကွက်မှာပင် စက်သုံးဆီဝယ်ယူလို့မရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

စက်သုံးဆီပြတ်လပ်မှုကို ရန်ကုန်၊မန္တလေးအပါအဝင် နိုင်ငံတဝှမ်းလုံးနီးပါး ရင်ဆိုင်နေရတာ ဖြစ်ပြီး အခုအကြိမ် စက်သုံးဆီပြတ်လပ်မှုဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း အဆိုးဝါးဆုံး အခြေအ နေအထိ ရောက်ရှိလာတယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

Most read this week

September 21, 2024
မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ်...
September 20, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို...
September 19, 2024
လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့်...
September 17, 2024
လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ...