တရုတ်လိုလားတဲ့ မြန်မာ့အရေးဆွေးနွေးမှု ဖြစ်လာစရာမရှိဘူးလို့ အကဲခတ်တွေသုံးသပ်

တရုတ်လိုလားတဲ့ မြန်မာ့အရေးဆွေးနွေးမှု ဖြစ်လာစရာမရှိဘူးလို့ အကဲခတ်တွေသုံးသပ်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို တရုတ်အစိုးရက မမြင်လိုဘဲ ဆွေးနွေးညှိနှိုင်းမှုနဲ့ ပြဿ နာကိုဖြေရှင်းဖို့ ဘက်အသီးသီးကို တိုက်တွန်းမှုအပေါ် လက်ရှိအခြေအနေမှာ ဖြစ်လာစရာမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

တရုတ်အစိုးရက မြန်မာနိုင်ငံမှာ စစ်ဖြစ်နေတာကို မမြင်လိုဘဲ အပစ်ခတ်ရပ်စဲဖို့ ဦးဆောင်ဖျောင်းဖျနေပြီး ဆွေးနွေးမှုနဲ့သာ ဖြေရှင်းရေးနည်းလမ်းကို တက်တက်ကြွကြွ ဆက်လက်တိုက်တွန်းသွားမယ်လို့ ထုတ်ပြောလာတာပါ။

မြန်မာတစ်နိုင်ငံလုံးနဲ့ မြောက်ပိုင်းဒေသ ပြန်လည်တည်ငြိမ်လာဖို့မျှော်လင့်ပြီး ငြိမ်းချမ်းရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီသွားမယ်လို့ ဩဂုတ် ၁၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ လူမှုကွန်ရက်ကနေ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မြန်မာနိုင်ငံကို လာရောက်ကာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်အထူးကိုယ် စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဩဂုတ် ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်း စာရှင်းလင်းပွဲမှာ AFP သတင်းဌာနက မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Ms. Mao Ning က ဖြေကြားခဲ့တာပါ။

တရုတ်အခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်က တရုတ်ရဲ့တိုက် တွန်းမှုဟာ စစ်ကောင်စီဘက်က တင်းမာနေတဲ့အတွက် လောလောဆယ်မှာ ဖြစ်လာစရာ အ ကြောင်းမရှိဘူးလို့ သုံးသပ်ပါတယ်။

“လက်ရှိတော့ ဖြစ်လာစရာ အကြောင်းမရှိဘူးဗျ။ ဘာဖြစ်လို့လဲဆို စစ်ကောင်စီဘက်ကတော်တော် တင်းမာနေတာ။ အခုဒီတစ်ခေါက် တရုတ်ကိုယ်စားလှယ် (မြန်မာပြည်)သွားတာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့တောင်းဆိုတယ်။ မင်းအောင်လှိုင်တို့က မပေးတွေ့ဘူးလို့ကြားတယ်။ အဲဒီတော့ တရုတ်ဘက်က အခုချိန်အထိ စိတ်ရှည်လက်ရှည်နဲ့ မြောက်ပိုင်းအဖွဲ့ရော၊ အခြားလက်နက် ကိုင်အဖွဲ့တွေရော၊ လက်နက်ကိုင်မဟုတ်တဲ့ အဖွဲ့ တွေရော အားလုံးစားပွဲဝိုင်းပေါ် ရောက်လာဖို့ဆိုပြီး တိုက်တွန်းနေတာပဲ။ ဒါပေမယ့် မင်းအောင်လှိုင်တို့က အခုချိန်ထိ သူတို့နောက်မဆုတ်ဘူးဖြစ်နေတယ်။ အဲဒီတော့ လောလောဆယ်တော့ ဖြစ်လာဦးမှာမဟုတ်ဘူး”လို့ ဆို ပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်ကောင်စီရဲ့ တပ်စခန်းတွေ မြို့တွေကို ရရှိထားတဲ့ အောင်မြင်မှုတွေကလည်း ရှိနေတဲ့အတွက် ဆက်လက်တိုက်ခိုက်သွားမယ့် သဘောရှိတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာဖို့ပဲရှိတယ်လို့ သူကထောက်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲအတွင်း တပ်စခန်းပေါင်း ရာနဲ့ချီဆုံးရှုံးခဲ့ရပြီး မြို့ ပေါင်း ၇၆ မြို့အထိ လက် လွှတ်ထားရတာပါ။

အဲဒီထဲမှာ စစ်အင်္ဂါစဉ်အရ နံပါတ်စဉ် ၃ မှာရှိပြီး အစဉ်အလာကြီးမားခဲ့တဲ့ ရှမ်းမြောက်က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ တစ်လအတွင်း ကျရှုံးခဲ့ရပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ လက်ရှိမှာ ရှမ်းမြောက်က နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မူဆယ်အပါအဝင် သီပေါ၊ မိုင်းရယ်နဲ့ တန့်ယန်းမြို့က တပ်စခန်းတွေသာ ကျန်ရှိတောာ့တာ ဖြစ်ပါတယ်။

တစ်ဘက်မှာ ၁၀၂၇ ဒုတိယပိုင်း ရှမ်း-မန်း စစ်ဆင်ရေးကလည်း အရှိန်ကောင်းနေပြီး ရှမ်းမြောက်က မြို့တချို့နဲ့ မန္တလေးတိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို မဟာမိတ်အဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ဒီအခြေအနေမှာ တရုတ်အစိုးရဘက်က ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တိုက်တွန်းတာဟာ လက်တွေ့ ဖြစ် လာနိုင်မှာ မဟုတ်ဘဲ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ဆွေးနွေးဖို့ အချိန်မကျသေးဘူးလို့ သုံးသပ်တာလည်း ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ မြန်မာ့နိုင်ငံရေးကနေ စစ်တပ်ကို ဖယ်ထုတ်ပြီး စစ်ကောင်စီကို အပြုတ်တိုက်နိုင်တဲ့ အခြေအနေရောက်မှာသာ တရုတ်အစိုးရပြောတဲ့ အနေအထားမျိုး ဖြစ်လာနိုင်မယ်လို့ သုံးသပ်ပါတယ်။

“(စစ်ကောင်စီ) သူတို့ လိုလားတဲ့ သူတို့ မူဝါဒကို ထောက်ခံတဲ့ အင်အားစုတွေနဲ့ပဲ ဆွေးနွေးပြောဆိုခဲ့တာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာ တရုတ်ဦးဆောင်ပြောဆိုတဲ့ စားပွဲဝိုင်းဆွေးနွေးပွဲဆိုတာ ဒီနေ့အထိ မဖြစ်သေးပါဘူး။ နောင်လည်းဆက်ပြီး ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ မြန်မာ့နိုင်ငံ‌ရေးကနေပြီးတော့ စစ်တပ်ကို ဖယ်ထုတ်ပြီး စစ်ကောင်စီကို အပြုတ်တိုက်နိုင်တဲ့ အခြေအနေရောက်မှ အဲဒီလိုအနေအထားက ဖြစ်လာနိုင်စရာ ရှိပါတယ်။ အဲဒီအချိန်ထိရောက်ရင်တော့ တရုတ်ပြောတဲ့ အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုက စစ်တပ်ပါဝင်မှုကိုတော့ လုံးဝလက်မခံ ငြင်းဆန်နေတဲ့ အနေအထားဖြစ်ပါတယ်ခင်ဗျ”လို့ ဆိုပါ တယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့စစ်တပ် ဦးထိပ်ထားတဲ့ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘူးဆိုရင် တွေ့ဆုံဆွေးနွေးသွားမယ်လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ထုတ်ပြောခဲ့ပါတယ်။

ဒို့တာဝန်အရေးသုံးပါးဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ နိုင်ငံလမ်းစဉ်မူဝါဒတစ်ခုပါ။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မှာဖြစ်တဲ့အတွက် နိုင်ငံ ရေးမှာ စစ်တပ်ပါဝင်နေမှုကို အဆုံးသတ်ဖို့ စစ်တပ်အနေနဲ့ နိုင်ငံရေးက မထွက်မချင်း တွေ့ဆုံဆွေး နွေးဖို့ မရှိဘူးလို့ ကြေညာထားကြပါတယ်။

Most read this week

September 21, 2024
မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ်...
September 20, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို...
September 19, 2024
လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့်...
September 17, 2024
လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ...