သီပေါတိုက်ပွဲ ၃ ရက်တွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ အရပ်သား ၂၀ ဦးနီးပါး သေဆုံး

သီပေါတိုက်ပွဲ ၃ ရက်တွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ အရပ်သား ၂၀ ဦးနီးပါး သေဆုံး

သျှမ်းပြည် သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ ၁၀ ရက်မှ စတင်ပြီး သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃)၊ ခြေမြန်တပ်ရင်း ခမရ-၅၀၃/၅၀၄ တို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးကြောင်း သီပေါဒေသခံများက ပြောသည်။

“သီပေါကတော့ နောင်ပိန်ဘက်ကို စစ်ဘေးရှောင်တာများတယ်။ လက်နက်ကြီးကော လေယာဉ်နဲ့ ပစ်တာကောဆိုရင် ဆုံးတာ အယောက် ၂၀ ကျော် ရှိပြီ။ မြို့ဟောင်းဘက်မှာ လေယာဉ်ဗုံးကြဲလို့ ၄ ယောက် သေတယ်။ တိမ်တောင်ဘက်ကိုလည်း လေကြောင်းနဲ့ ဗုံးကြဲတယ်။ ရဲစခန်းနဲ့ ထောင်ကြီးနားကတော့ ပိုပြင်းတာ”ဟု သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့အထွက် မိုးတေရွာအသွားလမ်းရှိ တုံဆင့်ဘက်တွင် တည်ရှိသည့် စစ်ကောင်စီ ခမရ-၅၀၄ တပ်ရင်းဘက်တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့လယ်ရပ်၊ နာရီစင်နှင့် ဇာတ်စုရပ်တို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် အများအပြား ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

“ထောင်ကတော့ ၁၀ ရက်နေ့ကတည်းက ပွင့်သွားပြီလို့ပြောတယ်။ TNLA နဲ့ PDF ဘက်က ဖွင့်ပေးတယ်ပြောရမှာ။ ထောင်သား၊ အချုပ်သားနဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဆွေမျိုးတွေ သိပြီး လာကြိုသွားတာ အနည်းစုပဲ။ ထောင်ဖွင့်ပြီးတဲ့နောက်ပိုင်း ခနလေးပဲ လေယာဉ်နဲ့ နာရီစင်ဘက် မြန်မာ့ရှေ့ဆောင်ဘဏ်နား လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်”ဟု သီပေါမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် သီပေါမြို့ ဇာတ်စုရပ်ဘက်ရှိ သီပေါထောင်ကြီး၊ ရဲစခန်းနှင့် လဝကရုံးဘက်တွင် ပစ်ခတ်သံများ ဆက်လက်ထွက်ပေါ်နေပြီး မြို့ဟောင်းရပ်မှ ဒေသခံများမှာ ကုန်းသာရွာဘက်သို့လည်းကောင်း၊ ဘော်ကြို၊ နမ့်ဟူးနွဲ့မှတဆင့် နမ့်လန်မြို့ဘက်သို့လည်းကောင်း အသီးသီး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

သီပေါမြို့နယ် နောင်ကော်ကျေးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၁၄၇ ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဇူလိုင်လ နောက်ဆုံးပတ်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်တပ်သား ထိခိုက်သေဆုံးမှု များပြားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အလားတူ နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများလည်း သီပေါမြို့ဘက်သို့ ဦးတည်၍ တစ်ဘက်သက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...