ပလက်ဝတွင် ရိက္ခာနှင့် ဆေးဝါးပြတ်

ပလက်ဝတွင် ရိက္ခာနှင့် ဆေးဝါးပြတ်

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ ပြတ်တောက်နေသည်ဟု ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ IKACC က ပြောသည်။

ပလက်ဝမြို့တွင် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများ ပြတ်တောက်နေသည့် အခြေအနေနှင့် ပတ်သက်၍ ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ IKACC ဒု-ဥက္ကဋ္ဌ- ၁ ဦးပြေမင်းက ပြောသည်။

“အိမ်တွင်း စားသောက်ကုန်ပြီးတော့ နောက်တစ်ချက်က ဆေးဝါး လုံးဝကို ပြတ်တောက်နေတဲ့ အနေအထားရှိတယ်။ လိုအပ်တဲ့ ဆေးဝါးတွေကို အမျိုးအစားအလိုက် လိုချင်တဲ့ ဆေးဝါးတွေ မရနိုင်ဘူး။ သယ်ယူရတာလည်း ဒီဆေးဝါးတွေ ဆိုရင်တော့ ဥပမာ ဒီထိုးဆေးတို့ ဘာတို့ ဆိုရင်တော့ ဆိုင်ကယ်လေးနဲ့ သယ်ဖို့ဆိုတာကလည်း သေချာလေးလုပ်ရတယ်။ လမ်းကြားမှာ အပျက်အစီးတွေ ရှိတယ်။ အဲ့ဒါလည်း ဆေးဝါးတွေရဲ့ ပြတ်တောက်မှု အနေအထား နီးပါးလောက်ရှိတယ်။ ပြီးရင်တော့ အိမ်တွင်းမှာ သုံးနေတဲ့ စားသောက်ကုန်ပေါ့လေ အဲ့ဒါတွေ အခက်အခဲတွေ ရှိပါတယ်။”

ပလက်ဝမြို့နယ်အတွက် ကုန်ပစ္စည်းများကို ရခိုင်ပြည်နယ်မှ အဓိက တင်ပို့နေရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ထဲ၌ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ကုန်စည်တင်ပို့သည့် အဓိက လမ်းကြောင်းများကို စစ်ကောင်စီဘက်က ပိတ်ဆို့ ထားခြင်းကြောင့် ယခုကဲ့သို့ ကုန်စည်များ တင်ပို့ရန်နှင့် သယ်ယူရန် ခက်ခဲနေခြင်း ဖြစ်သည်ဟု IKACC က ပြောသည်။

လက်ရှိမှာ ဒေသခံများသည် ပလက်ဝမြို့မှ မတူပီ၊ မင်းတပ်နှင့် ဆောဒေသများကို ဖြတ်ပြီး အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများ ရရှိရေး မကွေးဘက်ထိ သွားရောက်သယ်ယူနေကြရသည်။ ထိုသို့ သယ်ယူရာ၌ ကြုံတွေ့ရ သည့် အခက်အခဲများနှင့် ပတ်သက်ပြီး ဦးပြေမင်းက ယခုကဲ့သို့ ဆက်ပြောသည်။

“ကျနော်တို့ဘက်က ကုန်စည်တွေသွားလာတဲ့သယ်ယူတဲ့ နေရာမှာ ဒီစကစ ဂိတ်တွေ ရှိတဲ့နေရာက‌တော့ တော် တော်လေး များများ အခွန်ပေးဆောင်ရတာမျိုးတွေ အဲ့လိုမျိုး သတင်းကြားရတယ် အစစ်အဆေးတွေ ရှိတဲ့ဟာတွေ အဲ့ဒါမျိုးတွေ အခက်အခဲတွေ ကြုံရတာပေါ့။ ကိုယ့်ရဲ့ PDF CDF တွေ အဲ့ဘက်ကတော့ ကျနော်တို့ ကုန်စီး ဆင်းတဲ့ ကိစ္စတွေကတော့ ဘာမှမပြောပေမဲ့လည်း အဲ့ဒီစကစရဲ့ ဂိတ်တွေမြို့တွေ ဂိတ်တွေကို ဖြတ်သန်းရတဲ့ ချိန်မှာ တော်တော်လေးကို အခက်အခဲလေးတွေ သယ်ယူသွားလာတဲ့ ပြည်သူတွေ အတွက် စိတ်အနှောင့် အယှက်လည်း ဖြစ်စေတယ်ပေါ့လေ။“

ထို့အပြင် မိုးတွင်းကာလဖြစ်သည့် အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကို ကြုံတွေ့နေကြရပြီး တနိုင်တပိုင် ဆိုင်ကယ်များနှင့် သယ်ယူရာ၌လည်း သယ်ယူစရိတ် မြင့်မားမှု၊ ကုန်စည်ဈေးနှုန်း မြင့်မားမှုတို့အပြင် ကုန်စည် အရေအတွက်နှင့် ဆေးဝါး အလုံအလောက် မရရှိခြင်းမျိုးတို့နှင့်လည်း ကြုံတွေ့နေရသည်ဟု ဆိုသည်။

ပလက်ဝဒေသခံများက ဇွန်လဆန်းပိုင်းမှ စတင်ပြီး ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါများ အဖြစ်များနေပြီး ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ လုံလောက်စွာ မရရှိသောကြောင့် ဒေသတွင်း သေဆုံးမှုများလည်း ရှိနေကြသည်။

အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်မှ တစ်ဆင့် ကုန်စည်၊ ဆေးဝါးနှင့် စက်သုံးဆီများ တင်သွင်းသည့် ကုန်သွယ်ရေး လမ်းကြောင်းများကိုလည်း ဇွန်လ ၂၄ ရက်နေ့ ကတည်းက ပိတ်ထားခြင်း ဖြစ်သည်။ ထိုလမ်းကြောင်းကနေ ဝင်ရောက်လာသည့် ကုန်စည်များကို ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝ ဒေသဘက် အဓိက တင်ပို့ကြခြင်း ဖြစ်သည်။

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...