နိုင်ငံတဝန်းမှာ လေးလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၀၀ ကျော်ရှိတယ်လို့ PMCSG ပြော

နိုင်ငံတဝန်းမှာ လေးလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၀၀ ကျော်ရှိတယ်လို့ PMCSG ပြော

စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ မြှင့်မားလာတာနဲ့အမျှ ပြီးခဲ့တဲ့နှစ် နောက်ဆုံး လေးလအတွင်း တိုင်းဒသကြီးသုံးခုမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၀၀ ကျော်ရှိခဲ့တယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ PMCSG က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ခရိုင် ၇ ခုမှာ ကောက်ယူထားတဲ့ စစ်ကောင်စီတပ်၊ NUG MOD လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ချိုးဖောက်မှုပေါင်း ၅၀၈ ကြိမ်ခန့် ရှိခဲ့တာပါ။

ပြည်သူ့ကူညီပေးရေးအဖွဲ့ PMCSG ရဲ့ ကောက်ယူထားတဲ့ အချက်အလက်တွေဟာ ရန်ကုန်းတိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စစ်ကိုင်းတိုင်းက ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်နဲ့ မကွေးတိုင်းက ဂန့်ဂေါခရိုင်တို့မှာ ကောက်ယူထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

PMCSG ရဲ့ အချက်အလက်တွေအရ ရန်ကုန်တိုင်းမှာ ၁၄၅ ကြိမ်၊ မကွေးတိုင်းမှာ ၉၄ ကြိမ်နဲ့ စစ်ကိုင်းတိုင်းမှာ အများဆုံးနဲ့ ၂၆၆ ကြိမ်ဖြစ်ပြီး အဲ့ဒီထဲမှာ စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေဖြစ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ချိုးဖောက်မှုပေါင်း ၄၀၀ ကျော်အထိ ရှိခဲ့တာပါ။

တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG MOD ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၉၇ ကြိမ်အထိ ရှိခဲ့ပါတယ်။

ပြည်သူ့ကူညီပေးရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုယောလေးက တော်လှန်ရေးအင်အားစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ NUG MOD ဝန်ကြီးဌာနက တားမြစ်ထားပေမယ့် လက်တွေ့ မြေပြင်မှာ လိုက်နာမှုမရှိဘဲ NUG ရဲ့ ထိန်းကျောင်းမှု အားနည်းတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လက်ချက်တွေကြောင့် လေးလအတွင်း အရပ်သားပြည်သူ ၃၈၄ ဦး သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ် ၅၆၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

PMCSG အဖွဲ့ဟာ ဒီအစီရင်ခံစာကို မြေပြင်ကွင်းဆင်းပြီး သတင်းအချက်အလက် ကောက်ယူတာ၊ ယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ အချက်အလက်တွေကို ကိုးကားတာ၊ ပြစ်မှုကျုးလွန်ခံရသူတွေရဲ့ မိသားစုတွေကို အွန်လိုင်း ဒါမှမဟုတ် ဖုန်းနဲ့ကိုယ်တိုင် ဆက်သွယ်မေးမြန်းပြီးမှ ပြုစုထားတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂတ်လ ၁ ရက်နေ့မှာ အခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ခရိုင်ငါးခုမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၆၃၄ ကြိမ်ရှိခဲ့တယ်လို့ PMCSG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Most read this week

September 21, 2024
မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ်...
September 20, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို...
September 19, 2024
လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့်...
September 17, 2024
လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ...