ကလေးမြို့နယ်၌ ပကဖ ဖမ်းထားသည့် ယာဥ်မောင်း ၁၃ဦး ၄၅ရက်ပြစ်ဒဏ်ပေး

ကလေးမြို့နယ်၌ ပကဖ ဖမ်းထားသည့် ယာဥ်မောင်း ၁၃ဦး ၄၅ရက်ပြစ်ဒဏ်ပေး

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် ယာဥ်မောင်း ၁၃ ဦးကို ၄၅ ရက် ပြစ်ဒဏ်ပြည့်မြောက်သည့်ဩဂုတ်လ ၂၃ရက်နေ့တွင် ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။

တိုက်ပွဲကာလ မြေပြင်ကန့်သတ်တားမြစ်ချက်များကို ချိုးဖောက်မှု ၊ ပြည်သူလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသောရဲဘော်များကို ရိုက်နှက်ထိုးကြိတ်ဆဲဆို အကြမ်းဖက်မှုများအတွက် ယာဥ်မောင်းအဖွဲ့မှ ဦးဆောင်သူ ၁၃ဦးကို ကာကွယ်ရေးအဖွဲ့မှ ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ကလေးခရိုင် ၊ ကလေးဝမြို့နယ် (မဟာမြိုင်ဒေသ) အောင်ချမ်းသာ စစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဇွန်လဆန်းမှ ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့စဥ် ယင်းလမ်းပေါ်ကို စစ်ရေးအခြေအနေရ ဖြတ်သန်းခွင့်ပိတ်ပင်ခဲ့ရာ တိုက်ပွဲနှင့် သုံးမိုင်အကွာ ပျဥ်းကိုင်းရွာအနီးတွင် ကုန်တင်ယာဥ်အစင်း ၃၀၀ နီးပါး ပိတ်မိခဲ့သည်။

ဇူလိုင်လ ၄ရက်နေ့တွင် ကုန်တင်ယာဥ်ကား အစီး ၅၀ခန့်သည် တားမြစ် နေရာကို ဖြတ်ကျော်ရန်ကြိုးစားစဥ် တာဝန်ရှိသူများမှ ရှင်းပြသဖြင့် နောက်လှည့်သွားခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့တွင် ကုန်တင်ကား အစီး ၈၀ခန့် ထပ်မံ၍ တားမြစ်ဧရိယာကို မောင်းနှင်လာသဖြင့် တားဆီးခဲ့ရာ ယာဥ်မောင်းများဘက်က ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးကို ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့ကြောင်း ကလေးဝ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့ သူတို့ကို ၄၅ရက် ထိန်းသိမ်းဖို့ အပြစ်ပေးထားပါတယ်။ ရက်ပြည့်ပြီဆိုရင် ကားပိုင်ရှင်၊ မိသားစုဝင်များက အာမခံပြီး လွှတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ကလေးခရိုင် ပကဖ တာဝန်ခံက မဇ္စျိမကိုပြောသည်။

ဇူလိုင်လ ၈ရက်နေ့မှ စတင်ပြီး ယာဥ်မောင်းနှင့် ကားအချို့ကို ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ၂၃ရက်နေ့တွင် ပြန်လည်လွတ်မြောက်မည်ဟု ဆိုသည်။

၎င်းတို့အား ထိန်းသိမ်းထားစဥ်အတွက် နှိပ်စက်ညှဥ်းပန်းခြင်းမရှိဘဲ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ခရိုင်ပကဖ တာဝန်ခံက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်ကြာမြင့်လာခဲ့သောကြောင့် ယာဥ်မောင်းများတွင်စားနပ်ရိက္ခာ အခက်အခဲဖြစ်လာသဖြင့် တားမြစ်ဧရိယာကို ဖြတ်ကျော်မောင်းနှင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ယာဥ်မောင်းနှင့် နီးစပ်သူများ ထံက သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှ စစ်ကောင်စီတပ်သားများက အနီးဝန်းကျင်တွင် မိုင်းထောင်ပြီး ပြန်လည်ဆုတ်ခွာသွားပြီးနောက် ဇူလိုင်လ ၁၅ရက်နေ့တွင် ကာကွယ်တပ်ဖွဲ့များမှ မိုင်းရှင်းလင်းကာ ဇူလိုင်လ ၁၇ရက်နေ့တွင် ကုန်တင်ယာဥ်များကို ကလေးမြို့ဘက်သို့ ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။

ဇွန်လဆန်းမှ ပိတ်မိခဲ့သော အဆိုပါကုန်တင်ယာဥ်များတွင် လောင်စာဆီ ၊ ဘိလပ်မြေ ၊ ကွမ်းသီးနှင့် ကုန်ခြောက်များ တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းသို့ ကားလမ်း လချီပိတ်သဖြင့် ကလေးမြို့တွင် အခြေခံစားသောက် ကုန်နှင့် စက်သုံးဆီများ အဆမတန်ဈေးမြင့်ခဲ့ကြောင်း ဒေသခံများထံကသိရှိရသည်။

Most read this week

September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...
September 16, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် မိုးရွာသွန်းမှုများပြီး အင်းလေးကန်အတွင်း...