ကရင်နီကို ၇ လ အတွင်း အကြိမ် ၇၀၀ ဗုံးကြဲ

ကရင်နီကို ၇ လ အတွင်း အကြိမ် ၇၀၀ ဗုံးကြဲ

ကရင်နီပြည်နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၇ လအတွင်း အကြိမ် ၇၀၀ ခန့် လုပ်ဆောင်ခဲ့သည်ဟု ကရင်နီပြည် တပ်မတော် - KA က ပြောသည်။

လွန်ခဲ့သည့် ၇ လအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ကရင်နီ တပ်မတော် - KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ယခုကဲ့သို့ ပြောသည်။

ဗိုလ်မှူးကြီး ဘုန်းနိုင်က “များသောအားဖြင့် ကျနော်တို့ ကြဲခံရတာက လွိုင်ကော်၊ ရှာတော၊ မယ်စဲ့ပြီးတော့မှ ဖားဆောင်း အကြိမ်ပေါင်းကတော့ ၆၀၀၊ ၇၀၀ လောက်ရှိတယ်“ ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများသည် ၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လကုန် အထိ ဖြစ်သည် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပိုမို ပြုလုပ်လာရသည့် အကြောင်းနှင့် ပတ်သက်၍ လည်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

“သူတို့ စစ်တိုက်တာက တိုက်ပွဲဖြစ်တဲ့ အချိန်မှာ သူတို့က သူ့လူက အနာများပြီ တိုက်ပွဲမှာ အကျအဆုံးများရင် သူ့လေယာဉ်ခေါ် ပြီး လာကြဲပြီ အဲ့လိုပဲ လုပ်ပါတယ်။ တပ်မအလိုက် ပြုတ်တာရှိတော့ သူတို့က စစ်ကူ တောင်း တာပေါ့လေ။ ပြည်နယ်အတွင်းမှာ ရှိတဲ့ လူထု အိုးအိမ်တွေ ပျက်စီးအောင် လုပ်တာပေါ့။ လေယာဉ် ပစ်ကူ အနေနဲ့ သူတို့ လာကြဲတာရှိတယ်။ အဲ့မျိုးလုပ်တာ ခပ်များများပဲ။”

စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း အကျအဆုံးများလာသည့် အချိန်တိုင်း စစ်ရေး ပစ်မှတ်၊ အရပ်သား ပစ် မှတ် မခွဲခြားဘဲ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုများကို ပို၍လုပ်ဆောင်လာသည်ဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုသည်။

ကရင်နီပြည်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပညာသင်ကြားနေသည့် ကလေးများအတွက် စိုးရိမ်နေရသည်ဟု ကျောင်းတာဝန်ခံ CDM ဆရာမတစ်ဦးက ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင် စာသင်ကျောင်း တစ်ကျောင်းမှ CDM ကျောင်း ဆရာမ တစ်ဦးက “အဓိက စိုးရိမ်စရာက တိုက်ပွဲကြောင့်လာတဲ့ လေယာဉ်တွေ ပေါ့နော်။ သူတို့က တိုက်ပွဲ မဟုတ်တဲ့ နေရာတွေ ခုနောက်ပိုင်းဆို စာသင်ကျောင်းတွေကို ဦးတည်တဲ့ ခါကြတော့ ကျမတို့ ကတော့ အဲ့လိုမျိုး စိုးရိမ်ရပါတယ်။ ကလေးတွေ ပညာဆက်လက် သင်ယူဖို့ အတွက် စိတ်မပါတော့မှာ ကျမတို့ စိုးရိမ်တယ်။ စာကောင်းကောင်း မသင်ရမှာ ကို ကျမတို့ စိုးရိမ်တယ်” ဟု ပြောသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ၏ စာရင်းအရ ဇန္နဝါရီလမှ ဇွန်လအထိ ၆ လအတွင်း စစ် ကောင်စီ၏ လေကြောင်း ဗုံကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ကလေးငယ် ၉ ဦး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၄ ဦး နှင့် အချက်အလက်မရှိသူ ၁ ဦး သေဆုံးခဲ့ပြီး ကလေး ၉ ဦး၊ အမျိုးသမီး ၁၄ ဦးနှင့် အမျိုးသား ၁၂ ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သို့သော် ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးခဲ့ရသည့် အခြေအနေများ နှင့် ပတ်သက်ပြီး အရေအတွက် အသေးစိတ်ကို မသိရှိရသေးပေ။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း ၂ ကျောင်းကို စစ်တပ်က လေကြောင်းသုံး ဗုံးကြဲ တိုက် ခိုက်မှုကြောင့် ကျောင်းသား ၄ ဦး သေဆုံးခဲ့ပြီး ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား အယောက် ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ဖယ်ခုံမြို့နယ် အနောက် ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း တစ်ခုအား ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲမူကြောင့် စစ်ရှောင်နေအိမ် ၅ လုံး နှင့် စာသင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု KNDF က ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနစ် ဇူလိုင်လအထိ ကရင်နီပြည်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှု အကြိမ်ပေါင်း ၁,၆၅၅ ကြိမ် ရှိခဲ့သည်ဟု တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု (PKPF) က ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Most read this week

September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...