နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ပြန်လည်ထွက်ခွာ

နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ပြန်လည်ထွက်ခွာ

ကချင်ပြည်နယ်၊ မြစ်ကြီးနား-မြစ်ဆုံတန်ဖရဲ လမ်းပေါ်မှာရှိတဲ့ နောင်နန်းတိုက်နယ်အတွင်းက ဆယ်မိုင်ကျေးရွာထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့က ဩဂုတ်လ ၄ ရက်နေ့ကနေစပြီး ရွာအတွင်း လှုပ်ရှားသွားလာတာ မတွေ့ရတော့ဘူးလို့ သိရပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့(တနင်္လာနေ့) မနက်ပိုင်းကစပြီး အထက်ဘက်က တုန်ဖုန်းကားကြီးနဲ့အတူ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆယ်မိုင်ကျေးရွာအတွင်းက အထက်တန်းစာသင်ကျောင်း၊ ကက်သလစ်ဘုရားကျောင်းဝင်းနဲ့ ကျေးလက်ဆေးပေးခန်းအပြင် ဂျော်ဘွမ်ဆုတောင်းတောင် သွားလမ်း ရပ်ကွက်(၅)ဘက်က လူမရှိတဲ့ နေအိမ်တွေမှာ လာရောက် နေရာချသွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်သားအင်အား ၃၀ ထက်မနည်း အခုလို ရွာအတွင်း ရုတ်တရက်ရောက်လာကြောင့် တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေကို မတွေ့ရှိရတော့ဘူးလို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

” အကုန်လုံးကတော့ အရမ်းစိုးရိမ်သွားတာပေါ့။ မနေ့ကနေ မရှိတော့ဘူး။ အထက်ဘက် တက်သွားတာလား။ တစ်နေရာရာမှာ ရှိနေသေးတာလား မသိဘူး။ ဝင်လာတုန်းကတော့ ကားနဲ့ ဝင်လာတာ။ ထွက်သွားတော့ မတွေ့လိုက်ကြတာ“လို့ ဆိုပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ မနက်ကနေ စပြီး စစ်ကောင်စီတပ်သားတွေ ရွာအတွင်းကနေ ပြန်လည်ထွက်ခွာသွားပြီး ဘယ်ကို ထွက်သွားတယ်ဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ တိတိကျကျ မသိရှိရဘူးလို့ ပြောပါတယ်။

ဒေသခံပြည်သူအချို့ကတော့ အထက်ပါ စစ်ကောင်စီတပ်သားတွေဟာ တောအတွင်း ကင်းပုန်ဝပ်သွားတာ ဖြစ်နိုင်သလို အထက်ဘက်( မြစ်ဆုံတန်ဖရဲ)ရှိတဲ့ဘက် တက်သွားတာလည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

ရွာအတွင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်နေထိုင်ချိန်က ဆယ်မိုင် ကက်သလစ်ဘုရားကျောင်းရှေ့ ကားလမ်းပိုင်းမှာ လမ်းပိတ်ဆို့တာတွေ ပြုလုပ်ခဲ့တဲ့အပြင် ရွာအတွင်း သွားလာနေတဲ့ ပြည်သူအချို့ကိုပါ မေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေ ဘယ်ကို ထွက်ခွာသွားတယ်ဆိုတာ ဒေသခံတွေအနေနဲ့ မသိရှိလိုက်ရဘဲ ရွာအတွင်း ပြန်လည်တပ်စွဲနိုင်တာကြောင့် စိုးရိမ်နေရဆဲ ဖြစ်တယ်လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မြစ်ကြီးနားမြို့တွင်း အင်တာနက်ဖြတ်တောက်ထားတာ နှစ်ပတ်ခန့်ရှိလာပြီဖြစ်ပြီး အဲဒီအချိန်မှာပဲ မြစ်ဆုံအထက်ဘက် တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို KIA က ဩဂုတ်လ ၂ ရက်နေ့မှာ သိမ်းပိုက်ထားတာပါ။

Most read this week

September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...
September 10, 2024
ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့...