မိုးညှင်းနဲ့ဖားကန့်ဒေသခံများ အင်တာနက်အသုံးပြုဖို့ အလှည့်ကျတန်းစီစနစ် နဲ့ တစ်ဦးကို (၁)နာရီခန့်သာ သုံးစွဲနေရ

မိုးညှင်းနဲ့ဖားကန့်ဒေသခံများ အင်တာနက်အသုံးပြုဖို့ အလှည့်ကျတန်းစီစနစ် နဲ့ တစ်ဦးကို (၁)နာရီခန့်သာ သုံးစွဲနေရ

အင်တာနက်လိုင်းများ ပြန်လည်ရရှိခြင်းမရှိသေးတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နဲ့ ဖားကန့်မြို့နယ်က ဒေသခံများဟာ အင်တာနက်ကို အလှည့်ကျတန်းစီစနစ်နဲ့သာ အသုံးပြုနေကြရတယ်လို့ သိရပါတယ်။

အင်တာနက်အသုံးပြုလိုတဲ့ မိုးညှင်းဒေသခံတွေဟာ  ကချင်ပြည်နယ် နဲ့  စစ်ကိုင်းနယ်စပ်  မော်လူးမြို့သို့သွားကာ  Ipstar (သို့) starlink ဂြိုလ်တုအင်တာနက်တပ်ဆင်ထားတဲ့ ဆိုင်တွေမှာ စောင့်ဆိုင်းသုံးစွဲနေရတယ်လို့ ဒေသခံများက ဆိုကြပါတယ်။

“ ဒီနေ့လည်းလူများလို့ လိုင်းအရမ်းကျလို့  ညနေမှရတာ ဆိုင်မှာ ခုလည်း စာမြန်မြန်ရိုက်နေတာ အချိန်ပြည့်တော့မယ် ဝိုင်ဖိုင်ဖြုတ်ကြတော့မှာလေ” လို့  မော်လူးမြို့သို့ အင်တာနက်လာရောက်သုံးစွဲသူ  မိုးညှင်းမြို့ခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ဒီဆိုင်တွေမှာ  အင်တာနက်သုံးစွဲခ  (၁)နာရီ ငွေကျပ်တစ်ထောင်ပေးဆောင်ရပြီး စောင့်ဆိုင်းတန်းစီသူများပြားတာကြောင့် တစ်ရက်မှာတစ်ဦးကို (၁)နာရီသာ သုံးစွဲခွင့်ရရှိတယ်လို့လည်း သိရပါတယ်။

ဖားကန့်မြို့နယ်မှာတော့  တစ်နာရီကျပ် (၂၀၀၀၀)ကနေ ကျပ်(၃၀၀၀၀)သောင်းထိ အင်တာနက်ခ စျေးနှုန်းမြင့်ပေးပြီးအသုံးပြုနေရတယ်လို့ အဆက်အသွယ်ရရှိခဲ့သူ ဖားကန့်မြို့နယ်ဒေသခံတွေက ဆိုကြပါတယ်။

“ခုဒီဘက်ကလိုင်းအခက်အခဲကြောင့် လူတွေဒုက္ခရောက်တာကလွဲရင် အားလုံးကပုံမှန်ပါပဲ”  လို့  လုံးခင်းကျေးရွာသားတစ်ဦးက ဆိုပါတယ်။

မြစ်ကြီးနားမြို့ပေါ်က ရပ်ကွက်တချို့မှာ    အော်ပရေတာတချို့ရဲ့ ဖုန်းလိုင်းပြန်လည်ရရှိနေပြီလို့လည်းသိရကာ မိုးညှင်း၊မိုးကောင်း၊ဗန်းမော်၊ ဖားကန့်စတဲ့ မြို့နယ်တွေမှာတော့ အင်တာနက်နဲ့ဖုန်းလိုင်းများပြတ်တောက်နေတာ သီတင်းနှစ်ပတ်ခန့် ရှိလာနေပြီလည်းဖြစ်ပါတယ်။

Most read this week

September 23, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ စက်တင်ဘာလဒုတိယအပတ်အတွင်း ...
September 17, 2024
ဖားကန့်မြို့နယ်မှာ  စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း...
September 12, 2024
ထီးချိုင့်မြို့နယ် ပသုံးလုံးအဖွဲ့ကိုဆန္ဒပြတဲ့ဖြစ်စဉ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ကို...
September 5, 2024
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာရှိတဲ့...