ချင်းတွင်းမြစ်ကြောတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားများ စစ်ဘေးရှောင်ရ၂၀၂၄ ခုနှစ်

ချင်းတွင်းမြစ်ကြောတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားများ စစ်ဘေးရှောင်ရ၂၀၂၄ ခုနှစ်

ချင်းတွင်းမြစ်ကြောင်း အတိုင်း စစ်လက်နက် ရိက္ခာတင် ရေယာဥ်များ တက်လာချိန် မြစ်ကြောင်းအနီးတဝိုက်ကို စစ်ကောင်စီက မြေပြင်သာမက လေကြောင်းမှပါ တိုက်ခိုက်မှုများ လုပ်ခဲ့သောကြောင့် အနီးအနားမှ ရွာသားများ စစ်ဘေးရှောင်ကြရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ် ကောင်စီ၏ လက်နက်ရိက္ခာတင် သင်္ဘောများ တက်လာချိန် လေကြောင်း အသုံး ပြုတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

လေကြောင်း တိုက်ခိုက်မှုကို ကနီမြို့နယ်နှင့် ဘုတလင်မြို့နယ် အစပ်ရှိ ရွှေစာရေး အနီးတစ်ဝိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများ ထိခိုက်မှု ရှိ မရှိကိုမူ အတည်မပြုနိုင်သေးပေ။

မုံရွာမြို့၊ အလုံမင်းဒေါင်ဆိပ်ကမ်းမှ ချင်းတွင်းမြစ် အတိုင်း ခန္တီးမြို့ကို ဦးတည်ပြီး ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်း ၆ နာရီမှ စတင်ကာ ဆန်တက်နေခြင်း ဖြစ်သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့က ဆန်တက်လာတာ ယင်းမာပင်အထိတော့ ဘာမှမဖြစ်ဘူး။ ကနီမြို့နယ်ထဲမှာတော့ ပစ်ခတ်မှုရှိလို့ ထင် တယ် လေကြောင်းပစ်ခတ်မှုတွေ လုပ်သွားတယ်။ ကနီမြို့နယ်ထဲမှာ ရေကြောင်း မော်တော်တွေ ရောက် ရောက် ချင်းပဲ နမခကနေ mi 35 တက်ပြီးတော့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာဗျ ခန္တီးအထိ ဆန်မယ်လို့တော့ ကြားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် မိုးတွင်းကာလ ရောက်ချိန်တိုင်း မြစ်ရေတက်လာသည်ကို အခွင့်ကောင်းယူ၍ မြစ်ကမ်း ဘေး နေရာများတွင် ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များဆီ ရိက္ခာများ တင်ပို့လေ့ရှိသည်။

ဩဂုတ်လ ၁ ရက်နေ့၊ နံနက်ပိုင်းက တက်လာသော ရေယာဥ်များဖြစ်သည့် စစ်သင်္ဘောကြီး ၂ စီးနှင့် ဖလပ်ခွံ ၁၂ စီးပေါ်တွင် စစ်လက်နက်ရိက္ခာနှင့် လူအင်အား ၁၅၀ ခန့်ပါပြီး ခန္တီးမြို့နယ်အတွင်း တံတားဆောက်လုပ်ရန်ဟု ဆိုကာ ပစ္စည်းများ တင်ဆောင်လာသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ဆိုသည်။

ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ သူတို့ ရိက္ခာထောက်ပို့နဲ့ နောက်တစ်ခု ကျနော် တို့ ကြားတာက သူတို့ ခန္တီးမှာ တံတားဆောက်မယ်။ တံတားပြင်မယ်လို့လည်း ကြားတယ်။ အဲ့ဒီအတွက် တံတား နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ရော ဖလပ်ခွန်ပေါ်မှာပါတယ်လို့ကြားတယ်ဗျ။ အဲ့လိုတော့ ကျနော်တို့အတွင်း သတင်းအရ သိထားရတယ်” ဟု ပြောသည်။

အဆိုပါ ရေယာဥ်များ တက်လာသည်နှင့် ချင်းတွင်း မြစ်ကမ်းဘေးတွင် ရှိသည့် ဘုတလင်၊ ယင်းမာပင်နှင့် ကနီ မြို့နယ် စသည့်မြို့နယ်များအတွင်းရှိ ကျေးရွာများမှ ပြည်သူများသည် ယာယီ စစ်ဘေး တိမ်းရှောင်ကြရသည်။

အဆိုပါ ရေယာဥ်များသည် လက်ရှိအချိန်တွင် ကနီမြို့နယ်အတွင်း ရောက်ရှိနေပြီ ဖြစ်ပြီး ချင်းတွင်းမြစ်ကမ်းဘေး တစ် လျှောက် နေရာယူထားသည့် တော်လှန်ရေး အင်အားစုများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက် နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မိုးတွင်းကာလ မြစ်ရေတက်ချိန်တိုင်း စစ်လက်နက်ရိက္ခာများ တင်ပို့ရန် မြစ်ကြောင်းကို နှစ်စဥ် အသုံးပြုလေ့ရှိပြီး ပြီးခဲ့သည့်နှစ်များက ဧရာဝတီမြစ်ကြောင်းကိုပါ အသုံးပြု၍ မန္တလေးတိုင်း - စစ် ကိုင်းတိုင်း - ကချင်ပြည်နယ်အထိ စစ်အင်အားနှင့် ရိက္ခာများ တင်ပို့လေ့ ရှိသည်။

သို့သော် ဧရာဝတီမြစ်ကြောင်းပေါ်၌ ရှိသည့် မန္တလေးတိုင်းထဲမှ စဥ့်ကူး၊ ကချင်ပြည်နယ်ထဲက စင်းခန်းတံတားနှင့် မြို့များကို ထိန်းချုပ်ထားသည့်အတွက် ယခုနှစ်တွင် ဧရာဝတီမြစ်ကြောင်းအား အသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာ များ တင်ပို့ခြင်း မရှိတော့ပေ။

Most read this week

September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...