လွိုင်ကော်အကျဉ်းထောင်မှ လွတ်ရက်စေ့ အကျဉ်းသား ၇ ဦး လွတ်မြောက်လာ

လွိုင်ကော်အကျဉ်းထောင်မှ လွတ်ရက်စေ့ အကျဉ်းသား ၇ ဦး လွတ်မြောက်လာ

တိုက်ပွဲများကြား ပိတ်မိနေခဲ့သော ကရင်နီပြည် လွိုင်ကော်အကျဥ်းထောင်မှ နိုင်ကျဉ်း ၃ ဦးအပါအဝင် လွတ်ရက်စေ့အကျဥ်းသား ၇ ဦး လွတ်မြောက်လာသည်ဟု ကရင်နီ နိုင်ငံရေး အကျဥ်းသားများ အစည်းအရုံး KPPA ပြန်ကြားရေး တာဝန်ခံက ပြောသည်။

လွတ်ရက်စေ့၍ ပြန်လွှတ်လာသည့် အကျဉ်းသားများထဲတွင် နိုင်ငံရေး အကျဉ်းသား ၃ ဦး ပါဝင်သည်ဟု KPPA ပြန်ကြားရေး တာဝန်ခံ ကိုထားဖိုးက ပြောသည်။

ကိုထားဖိုးက “၇ ယောက် လွတ်လာတယ်ပေါ့နော်။ လွတ်လာတဲ့သူတွေကတော့ ရက်စေ့ အကျဥ်းသားတွေ ဖြစ် တယ်။ နိုင်ကျဥ်းကတော့ ၃ ယောက်ပါတယ်။ မူးယစ်ဆေးဝါးအမှုကတော့ ၄ မှု ပါတယ်ပေါ့နော်” ဟု ပြော သည်။

ပြန်လည် လွတ်မြောက်လာသူများမှာ ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်ပြီး နိုင်ငံ ရေး အကျဉ်းသားများအား ခံဝန်ကတိထိုးပြီးမှ ပြန်လည်လွှတ်ပေးခဲ့သည်ဟု ကိုထားဖိုးက ပြောသည်။

“ထောင်ကနေ ရဲစခန်းကို ပို့တယ်ပေါ့နော်။ ဒါကတော့ သာမာန် လုပ်ထုံးလုပ်နည်းပဲ။ အဲမှာ နိုင်ငံရေးပုဒ်မ ဆိုရင် ခံဝန် ကတိထိုးတာတွေ လုပ်ရတယ်ပေါ့နော်။ အဲဒီရဲစခန်းကနေ တစ်ဆင့် သူတို့ကို လွှတ်ပေးလိုက်တယ်ပေါ့ နော်။”

ပြန်လည် လွှတ်မြောက်လာသော အကျဉ်းသား အားလုံး လက်ရှိတွင် ၎င်းတို့၏ နေရပ် အသီးသီးသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်ဟု ဆိုသည်။

ပြန်လည် လွှတ်မြောက်လာသည့် အကျဉ်းသားများ၏ ပြောပြချက်အရ လက်ရှိအချိန်ထိ လွိုင်ကော် အကျဉ်း ထောင်အတွင်းရှိ အကျဉ်းသားများ၏ ကျန်းမာရေး၊ စားဝတ်နေရေး အခြေအနေများမှာ ပုံမှန်အခြေအနေမျိုး မရောက်ရှိသေးဘဲ လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်သည်ဟု KPPA တာဝန်ရှိသူက ပြောသည်။

ကိုထားဖိုးက “ခါတိုင်းလိုပဲ အစားအသောက်တွေလည်း ဆိုးဝါးနေတုန်းပဲ ထောင်ဝင်စာတွေလည်း ပို့ခွင့်မရသေး တဲ့ အခြေအနေပဲ” ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ နှစ်စပိုင်းမှ စတင်၍ လက်ရှိအချိန်ထိ လွိုင်ကော် အကျဉ်းထောင်အတွင်း၌ အကျဉ်းသားများမှာ အစားအသောက်များ မလုံလောက်မှုကြောင့် အာဟာရချို့တဲ့မှုများ ဖြစ်နေကြသည့်အပြင် ဆေးဝါးလုံလောက်စွာ ကုသခွင့် မရရှိခဲ့ခြင်းကြောင့်လည်း ကျန်းမာရေးချို့တဲ့မှုများ ဖြစ်နေကြသည်ဟု ပြန်လည်လွှတ်မြောက်လာသူ များက ပြောသည်။

လက်ရှိတွင် လွိုင်အကျဉ်းထောင်အတွင်းရှိ အခြေအနေများအား ကရင်နီ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် KPPA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM နှင့် ပူးပေါင်၍ စစ်ရေးနှင့် လုံခြုံ ရေး အခြေအနေပေါ် မူတည်၍ အကျဉ်းသားများအတွက် အစားအသောက်နှင့် ငွေလွဲပေးခြင်းများ ဆောင်ရွက် ပေးလျှက် ရှိသည်ဟု KPPA က ပြောသည်။

လွိုင်ကော် အကျဥ်းထောင်နှင့် အနီးတစ်ဝိုက်တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ် တို့ကြား ယခု ဇူလိုင်လ နောက်ဆုံးပတ်အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး အကျဥ်းထောင်ကိုလည်း စစ်ကောင်စီ ဘက်မှ အပြည့်အဝ ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သည်ဟု ကိုထားဖိုးက ပြောသည်။

တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မှ ယနေ့အချိန်ထိ လွိုင်ကော် အကျဉ်း ထောင်မှ လွတ်ရက်စေ့ အကျဉ်းသားများအား ၄ ကြိမ် ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၁၁၆ ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်။

Most read this week

September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...