တိုက်ပွဲနဲ့ ရေဘေးဒဏ် ကြောင့် လွိုင်ကော်အရှေ့ဘက်ခြမ်းကို စစ်ရှောင်တွေ ထပ်မံရောက်ရှိ

တိုက်ပွဲနဲ့ ရေဘေးဒဏ် ကြောင့် လွိုင်ကော်အရှေ့ဘက်ခြမ်းကို စစ်ရှောင်တွေ ထပ်မံရောက်ရှိ

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့တပတ်က ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေနဲ့ ဘီလူးချောင်းဘေးမှာရှိတဲ့ ကျေးရွာက ဒေသခံတချို့လည်း ရေဘေးကြောင့် ရွေ့ပြောင်းနေထိုင်ရတယ်လို့ စစ်ရှောင်ကူညီသူဆီကနေ သိရပါတယ်။

တိုက်ပွဲကြောင့် ရောက်ရှိလာတဲ့အရေအတွက် ပိုများပြီး ရေဘေးကြောင့် ရောက်ရှိလာသူ အနည်းစု ဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“စစ်ရှောင်တွေ ထပ်ရောက်လာတာရှိတယ် ပေါ့နော်။ ပြီးခဲ့တဲ့ အပတ်ကတည်းကပါ ရောက်တာက။ တိုက်ပွဲက အဓိက လွိုင်ကော်အရှေ့ခြမ်း အောင်သပြေ တကြောပေါ့နော်။ အဲ့ဒီမှာ(စစ်ကြောင်း) ထိုးလာခါကြတော့ စစ်ရှောင်တွေက အဲ့ဒီအောင်သပြေတကြောမှာ ရှိတဲ့ စစ်ရှောင်တွေကပဲ ထပ်ပြီး ပြောင်းရွှေ့ရတဲ့ အနေအထားမှာပဲ ရှိတာပေါ့နော်။ ရေဘေးသင့်ကြောင့် ရောက်လာတာတော့ သိပ်မများဘူး။” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ လွိုင်ကော်အရှေ့ဘက်ခြမ်းက ကျေးရွာတချို့ ကို စစ်ကောင်စီက စစ်ကြောင်းထိုး လာတဲ့ နောက်ပိုင်း စစ်ရှောင်တွေပိုများလာတာဖြစ်ပါတယ်။

စစ်ရှောင်တွေ ထပ်တိုးလာတာနဲ့အမျှ စားနပ်ရိက္ခာလိုအပ်မှုတွေ ပိုများလာတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မိုးရာသီကာလမှာ သွားလာရေး လမ်းကြောင်း အဆင်မပြေမှုတွေ အပြင် စစ်ကောင်စီ စစ်ကြောင်းထိုးလာမှုတွေကြောင့် စစ်ရှောင်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ရရှိဖို့လည်း ပိုခက်ခဲလာတယ်လို့ အဆိုပါ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ဆက်ပြောပါတယ်။

“လမ်းကြောင်းက ခက်ခဲတယ် ပြောတဲ့အခါမှာ အဓိကကတော့ မိုးရာသီကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာက တစ်ပိုင်းပေါ့နော်။ နောက်တချက်က ဒီစစ်ကောင်စီက ဆက်ပြီးတော့ စစ်ကြောင်းထိုးလာတာရှိတယ်။ ပြီးတော့မှ ကျမတို့သွားလာနေကြ လမ်းတွေလည်း သူတို့(စစ်ကောင်စီ)ကပိတ်တာမျိုးတွေ။ အဲ့တာကြောင့်မို့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာသယ်ယူဖို့ ကိစ္စက အကုန်လုံး ပိတ်လိုက်ပြီပေါ့နော်။ ပိုပြီးခက်ခဲလာတယ် အဲ့လိုပြောလို့ရတာပေါ့”လို့ သူက ဆိုပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေ ထပ်တိုးနေပြီး ရောက်ရှိလာတဲ့စာရင်းကိုတော့ မပြုစုနိုင်သေးဘူးလို့ သိရပါတယ်။

 လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန်လက နောက်ဆုံးရရှိထားတဲ့ စာရင်းအရ စစ်ဘေးရှောင် တစ်သောင်းကျော်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေထံကနေ သိရပါတယ်။

Most read this week

September 23, 2024
ကရင်နီပြည်တွင်းမှာ အွန်လိုင်းလောင်းကစားပြုလုပ်သူတွေကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...
September 23, 2024
စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ကရင်နီပြည်  ဘောလခဲမြို့မှာ ရေဘေးသင့်ပြည်သူတွေကို...
September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...