သိမ်ဇရပ်မြို့ ရဲစခန်းနှင့် စစ်ကောင်စီတပ်ဂိတ်အချို့ တိုက်ခိုက်ခံရ၊ ရဲတပ်ဖွဲ့ဝင်နှင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိ

သိမ်ဇရပ်မြို့ ရဲစခန်းနှင့် စစ်ကောင်စီတပ်ဂိတ်အချို့ တိုက်ခိုက်ခံရ၊ ရဲတပ်ဖွဲ့ဝင်နှင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နယ်မြေ ရဲစခန်းနှင့် သိမ်ဇရပ်မြို့အထွက်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်းများအား ဇူလိုင်လ(၂၂)ရက်နှင့် ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုအပြင် စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ဒေသခံ(၁)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ယမန်နေ့၊ နေ့လည်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက သိမ်ဇရပ်နယ်မြေရဲစခန်းအား (၄၀)မမ လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းရှိ ရဲတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးခဲ့ပြီး စခန်းမှူးအပါအဝင် (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမြှောက်တပ် -အမတ(၃၁၀)မှ လက်နက်ကြီး(၁၀)လုံးထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရဲစခန်းအရှေ့တောင်ဘက်ရှိ ရွာလေးကွက်သစ်ပိုင်း (၇)လမ်းနေ ဒေသခံတစ်ဦး၏နေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား(၁)ဦး သေဆုံး၍ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သထုံခရိုင် ကေအဲန်ယူသတင်းအရင်းအမြစ်ထံမှ သိရသည်။

နီးစပ်သူဒေသခံအမျိုးသားတစ်ဦးကလည်း “ရဲစခန်းမှာထိတာက ရဲတွေအပြင် ရဲမိန်းမတွေလည်း ပါတယ်လို့ ကြားတယ်။ ရဲကသေတာ(၂)ယောက် စခန်းမှူးအပါ (၁၀)ယောက်က ဒဏ်ရာရတယ်။ စစ်တပ်က လက်နက်ကြီးပြန်ပစ်တာ ရွာလေးကွက်သစ်က အိမ်ပိုင်ရှင်အမျိုးသမီး ဒဏ်ရာရပြီး အိမ်လာ လည်တဲ့ လင်မယားနှစ်ယောက်မှာ ယောက်ျားသေတယ်။ ပြေးတဲ့ရွာတွေလည်းပြေးနေရတယ်” ဟု ပြောသည်။

အသက်(၄၇)နှစ်အရွယ်ရှိ ဦးလင်းစစ်သူမှာ ဦးခေါင်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကိုယ်ဝန်(၄)လရှိ ၎င်း၏အမျိုးသမီးဖြစ်သူ ဒေါ်ကြည်ကြည်လင်းမှာ ဘယ် ဘက်ရင်အုံအောက် ကျည်စဖောက်ဝင်ဒဏ်ရာနှင့် နေအိမ်ပိုင်ရှင် အသက်(၄၁)နှစ်အရွယ် ဒေါ်ယဥ်ဝေလွင်မှာမူ ကျောပြင် ကျည်စဖောက်ဝင် ဒဏ်ရာရခဲ့သည်ဟု သထုံခရိုင် ကေအဲန်ယူနှင့်ဒေသခံအချို့က ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည်း KNLA ပူးပေါင်းတပ်များက သိမ်ဇရပ်မြို့အထွက်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းတစ်ခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် (၃၀)မိနစ်ကြာရှိခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ (၇)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သော တပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာအချို့ကမူ ယမန်နေ့က သိမ်ဇရပ်နယ် မြေရဲစခန်းတိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု မရှိကြောင်း ဖော်ပြထားသလို ယနေ့ စစ်တပ်ဂိတ်စခန်းရှိ ထိခိုက်မှုနှင့်ပက်သက်၍လည်း ထုတ်ပြန်ထားခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဇွန်လပိုင်းကတည်းက ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်ပြီး နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲအချို့တွင် နှစ်ဖက်ထိခိုက်မှုများရှိခဲ့သည်။

ထို့အတူ စစ်ကောင်စီသည် ၎င်းတို့စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်လျက်ရှိသလို လက်ရှိအချိန်ထိလည်း အင်အားရာနှင့်ချီသော စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဆက်လက်ထိုးစစ်ဆင်နေသည်ဟု သထုံခရိုင်အတွင်းရှိ စစ်ရေးနှင့်ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

Most read this week

September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...
September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ...
September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...