သိမ်းထားသော မြို့များကို ထိန်းထားနိုင်ရန် ယာယီသမ္မတ တိုက်တွန်း

သိမ်းထားသော မြို့များကို ထိန်းထားနိုင်ရန် ယာယီသမ္မတ တိုက်တွန်း

စစ်ကောင်စီတပ်၏ စခန်းများနှင့် ၎င်းတို့ ထိန်းချုပ်ထားသော မြို့များကို သိမ်းထားနိုင်ရုံ သာမက ထိန်းထားနိုင် ရန်လည်း လိုအပ်ကြောင်း အမျိုးသားညီညွှတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောသည်။

အမျိုးသားညီညွှတ်ရေး အစိုးရ NUG ၏ ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ၂၀/၂၀၂၄ အစိုးရ၏ အဖွဲ့အစည်း အဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယာယီသမ္မတ ဒူဝါလရှီးလက “အဲ့ဒါကတော့ စစ်ရေးအရ အောင်မြင်မှုဆိုတာမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့ သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ရုံနဲ့ ပြီးမြောက်မှုရှိပြီလို့ မပြောနိုင်သေးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ သိမ်းပြီး ရင် ထိန်းနိုင်ဖို့ လိုတယ်ဆိုတာကို မမေ့မလျော့ကြဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေး ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အမျိုးသား ညီညွှတ်ရေး အစိုးရ NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက စစ်ကောင်စီ ထိန်းချုပ် စိုးမိုးထားသည့် မြို့များနှင့် ၎င်းတို့၏ တပ်စခန်း အများအပြားကို သိမ်းယူထားနိုင်ပြီး အုပ်ချုပ်ရေး ယန္တရား လည်ပတ်မှုများကိုလည်း စတင်နေပြီ ဖြစ်သည်။

နွေဦးတော်လှန်ရေးသည် ခုခံတော်လှန်စစ် အခြေအနေသို့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ ၏ လက်ကမ်းကြိုဆိုမှုနှင့် ရှေ့ဆောင်လမ်းပြ သင်ကြားပေးမှုများကြောင့် အတိုင်းထက်လွန် မြှင့်တင်ပေးနိုင်ခဲ့ပြီး ခုခံတော်လှန်စစ် အခြေခံသည့် ဒေသအများအပြား ပေါ်ပေါက်လာရေး အတွက်လည်း ကြိုးစားကြရန် ယာယီ သမ္မတ ဒူဝါလရှီးက တိုက်တွန်းထားသည်။

“အထူးသဖြင့် လွတ်မြောက်ဒေသတွေ၊ လွတ်မြောက် ဧရိယာတွေ ဆိုတာဟာ စစ်ရေးအခြေခံ ဒေသကို ပီပီပြင် ပြင် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးအရ အမြော်အမြင်ရှိမှု နဲ့ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်မှုတွေဟာ ခုခံတော်လှန်စစ်မှာ အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ကျနော်တို့ အစိုးရအဖွဲ့ဝင် အားလုံးလည်း လူထုနဲ့ တစ်သားတည်း ရပ်တည်ပြီးတော့ ခုခံတော်လှန်စစ် အခြေခံ ဒေသတွေ ပေါ်ပေါက်ရေးကို အလေးအနက်ထား ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။”

ထို့အပြင် နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနှင့် တိုင်းရင်းသား လွတ်မြောက် မှု တော်လှန်ရေးကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ၂၀၂၃ – ၂၀၂၄ ခုနှစ်များတွင် ပိုမိုသိသာ ထင်ရှားလာသည် သာမက ပြည်သူလူထုအတွက် အားတက်စေသော လူထုတော်လှန်ရေးကြီး၏ အဓိကအသက် ဖြစ်သည်ဟု NUG ယာယီ သမ္မတ က ဆိုသည်။

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးသည် အပြန်အလှန် အကျိုးပြု သက်ရောက် နေခြင်းဖြစ်ပြီး လက်ရှိ အခြေအနေကို ဆက်လက် ခိုင်မာအောင် လုပ်ဆောင်ကြရန်လည်း လိုအပ်သည်ဟုလည်း ဒူဝါလရှီးလ က ပြောသည်။

ထိုကြောင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးအနေဖြင့် အချင်းချင်းကြား သဟဇာတဖြစ်မှု ကြီးမားလာရန် နှင့် လက်နက်ကိုင် တော်လှန်ရေး အင်အားစု အချင်းချင်း စုစည်းညီညွတ်ရန်လည်း အစဉ်တစိုက် ကြိုးစား အား ထုတ်ရမည်ဟု ယာယီသမ္မတက ဆိုသည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...