အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ရုပ်၊ စိတ် နှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ ကြုံနေရ

အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ရုပ်၊ စိတ် နှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ ကြုံနေရ

စစ်တပ်ရန်မှ တိမ်းရှောင် ထွက်ပြေး နေကြရသည့် ကာလတွင်အမျိုးသမီးနိုင်ငံရေး တက်ကြွလှုပ်ရှားသူများသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို ကြုံတွေ့ခဲ့ ကြရသည်ဟု မြန်မာ့အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များ ကွန်ရက် MWPN က ပြောသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာ အမျိုးသမီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အာဏာရှင် တော်လှန် ရေးတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှု  အခက်အခဲများ နှင့် လက်ရှိ ပါဝင်နေကြသည့် အခန်းကဏ္ဍများနှင့် ပတ်သက် ၍ မြန်မာ အမျိုးသမီး လွှတ်တော် ကိုယ်စာလှယ်များ ကွန်ယက် (MWPN) က ပြုစုထားသည့် သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

အာဏာရှင် တော်လှန်ရေး ကာလအတွင်း မြန်မာအမျိုးသမီး နိုင်ငံရေးသမားများ၏ အတွေ့အကြုံ သုတေသနစာ တမ်း ပြုစုရာတွင် ဦးဆောင် ပါဝင်သည့် သုတေသီ Ellen က ယခုကဲ့သို့ ပြောသည်။

၎င်းက “အဓိက အားဖြင့် ကျမတို့က သူတို့ရဲ့ ရုပ်ပိုင်းဆိုင် ရာပေါ့နော် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး တော့ Security နဲ့ ပတ်သက်တဲ့ဟာ သူတို့ အထူးစိုးရိမ်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့  သူတို့ ခြိမ်းခြောက် ခံခဲ့ရတာတွေ ရှိတယ်ပေါ့နော်။ နောက်တစ်ခုက သူတို့ရဲ့ sexual ပိုင်းပေါ့နော်။ ဒီလိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တော့ သူတို့ရဲ့ လုံခြုံရေးပေါ့နော်။ အဲ့ဒါမျိုးတွေ တော်တော်စိုးရိမ်ခဲ့တာရှိတယ်“ ဟု ပြောသည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်တပ်က အတိုက်အခံများအား ဖိနှိပ်ရာတွင် ယခင်က တည်းက အသုံးပြုခဲ့သည့်အပြင် ယခုလည်း အဆိုပါ နည်းလမ်းကို ဆက်လက် အသုံးပြုနေသည်ဟု ဦးဆောင် သုတေသီ Ellen က ဆက် ပြောသည်။

“စကစရဲ့ ဖိနှိပ်မှု က အရင်တုန်းကလည်း တိုင်းရင်းသား ဒေသတွေမှာပေါ့ သူတို့ရဲ့ ဖိနှိပ်မှု နှိမ်နှင်းမှု တွေမှာဆို ရင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ သူတို့ Target (ပစ်မှတ်)ထားတာ မျိုးတွေ ရှိတယ်ပေါ့နော်။ အမျိုးသမီး တစ်ဦး ရဲ့ နိုင်ငံရေး တက်ကြွနေတဲ့ စိတ်ဓာတ် ရိုက်ချိုးဖို့ အခါမှာ လိင်ပိုင်းဆိုင်ရာ ပြုမူပြီးတော့ အကြမ်းဖက် လာတာ မျိုးလည်း အများကြီး ရှိလာတယ်ပေါ့နော်။”

ထို့အပြင် အမျိုးသမီး နိုင်ငံရေး သမားများသည် စိတ်မတည်ငြိမ်မှုများ၊ စိတ်ဖိစီးမှုများနှင့် အခြားစိတ် ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ သာမက မိသားစု ဖိအားများ၊ ငွေကြေးအရ တစ်ပါးသူကို မှီခိုရခြင်းများနှင့် ကျန်းမာရေး ထိခိုက်ချို့ တဲ့မှု ဒဏ်များကိုလည်း  ကြုံတွေ့ခံစားခဲ့ရသည်ဟု ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသမီး နိုင်ငံရေးသမားများသည် အမျိုးသားများထက် အခက်အခဲ ဒုက္ခ များကို ရင်ဆိုင်ရသည့်အတွက် ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ ဒုက္ခများကို အထူး အလေးထား ကူညီဖြေရှင်းပေးရန် လိုသည်ဟု မြန်မာ့အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များ ကွန်ရက် MWPN က ဆို သည်။

အမျိုးသမီး နိုင်ငံရေးသမားများသည် အမျိုးသမီး ဦးဆောင်သည့် လက်နက်ကိုင် တပ်ဖွဲ့များ တည်ထောင်ရာတွင် လည်း ပံ့ပိုးကူညီပေးခဲ့ကြပြီး လူသားချင်းစာနာမှု အထောက်အပံ့ အစီအမံများ၊ ရန်ဘုံငွေ ရှာဖွေမှု၊ ရပ်ရွာ စည်း ရုံး လှုံ့ဆော်မှု၊ ပညာရေးဆိုင်ရာ ကြိုးပမ်းမှုများ သာမက မီဒီယာများနှင့် ထိတွေ့ဆက်ဆံမှု၊ ဒစ်ဂျစ်တယ် နည်း ပညာ အသုံးပြုမှု စသည့် အဓိကကျသော အခန်းကဏ္ဍများမှလည်း ပါဝင်နေကြသည်ဟု MWPN က ပြုစုထား သည့် စာတမ်းထဲတွင် တွေ့ရသည်။

ထို့အပြင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်နှင့် ဘုံရည်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် ကျား၊ မ မခွဲခြားဘဲ တိုင်းရင်သား အားလုံးအကြားတွင် အမျိုးသမီး နိုင်ငံရေးသမားများသည် သွေးစည်း ညီ ညွတ်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်ဟု စာတမ်းက ဆိုသည်။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် NUCC ၏ အစီရင်ခံစာမှုအရ ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် (FDC )၊ ကြားကာလ အခြေခံ ဥပဒေ ဆိုင်ရာ အစီအမံ များ၊ နိုင်ငံဝန်ထမ်း CDM မူဝါဒ၊ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးမူဝါဒ၊ ဂျဲန်ဒါ တန်းတူရေး ရပ်တည်ချက် စာ တမ်းနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု မူဝါဒများ ရေးဆွဲ ချမှတ်ခဲ့ရာတွင် အမျိုးသမီး နိုင်ငံရေး လှုပ်ရှားသူများ ပါဝင်ခဲ့ကြသည်။

စစ်အာဏာသိမ်းသည့် အချိန်မှစပြီး ယခုအချိန်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ အကျဉ်း သား ၂၆,၂၁၀ ဦးထဲတွင် ၅,၄၁၆ ဦး (၂၀.၇ ရာခိုင်နှုန်း)မှာ အမျိုးသမီးများဖြစ်ပြီး သတ်ဖြတ်ခံရသူ အမျိုးသမီး ၈၁၀ ဦး (၁၇.၆ ရာခိုင်နှုန်း) ရှိနေသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...