စစ်ကောင်စီ စစ်ကြောင်းထိုးနေရာယူလာတဲ့အတွက် လွိုင်ကော်မြို့ပတ်ဝန်းကျင်က စိုက်လက်စ စပါးခင်းတွေ ပစ်ထားခဲ့ရ

စစ်ကောင်စီ စစ်ကြောင်းထိုးနေရာယူလာတဲ့အတွက် လွိုင်ကော်မြို့ပတ်ဝန်းကျင်က စိုက်လက်စ စပါးခင်းတွေ ပစ်ထားခဲ့ရ

တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်း ‌တော်လှန်ရေးအဖွဲ့တွေ ထိန်းသိမ်းထားတဲ့ လွိုင်ကော်မြို့ ပတ်ဝန်းကျင်နဲ့ အနီးအနား ကျေးရွာ တချို့‌ မှာ ဒေသခံတွေက စပါးတွေပြန်စိုက်ထားကြပြီး ပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းမှာ စစ်ကောင်စီက လွိုင်ကော်မြို့ကို စစ်ကြောင်းထိုးနေရာပြန်ယူလာတဲ့အတွက် ဒေသခံတွေဟာ စိုက်လက်စ စပါးခင်းတွေကို ပစ်ထားခဲ့ရတယ်လို့ စပါးစိုက်ပျိုးတဲ့ တောင်သူတွေက ပြောပါတယ်။

လက်ရှိမှာ စပါး ပျိုးနှုတ်တာတွေ၊ ဆေးဖြန်းတာတွေ လုပ်ရမယ့် အချိန်ဖြစ်ပေမယ့် နေရပ်မပြန်ရဲဘူးလို့ တောင်သူတွေက ဆိုကြပါတယ်။ စပါးခင်းတွေ ပျက်စီးဆုံးရှုံးတာ အပြင် မရိတ်သိမ်းနိုင်မှာ စိုးရိမ်မိတယ်လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။

“ဇွန်လ ၁၅ရက်လောက်က စပါးစိုက်တယ်။ ခုဆို တစ်လကျော်လောက်ရှိပါပြီ။ စပါးက နှစ် ဧက နီးနီးစိုက်ထားတယ်။ တစ်ချို့က သုံးဧက လောက်စိုက်ကြတယ်။ ဘာကြောင့် ပြန်စိုက်လည်ဆိုတော့ စိုက်စရာဆိုလို့ အဲ့မှာပဲရှိတယ်ကော။ ဒီဖက်ရောက်လာစစ်ရှောင်တော့လည်းသူများခုချိန် စားဝတ်နေရေးခက်ခဲတော့ သူ့မြေနဲ့ကိုယ်မြေ အပြိုင်အဆိုင်လုပ်ကြတော့ ကိုယ်လုပ်စရာမှမရှိတော့တာ။ အဲ့ကြောင့်ကိုယ်မြေကိုယ်ပြန်လုပ်ကြတာပေါ့” လို့ ကိုရော့ကီက ဆိုပါတယ်။

ကရင်နီစစ်ရှောင်အများစုဟာ စားဝတ်နေရေး ခက်ခဲပြီး စစ်ရှောင်တဲ့နေရာတွေမှာလည်း ‌ဒေသခံတွေ ၊ အရင်ရောက်နှင့်နေသူတွေက စိုက်ပျိုးထားကြတာဖြစ်တဲ့အတွက် လုပ်ကိုင်စရာမြေမရှိတာကြောင့် သူတို့ရဲ့ နေရပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့အချိန်မှာ အရဲစွန့်ပြီး စပါးပြန်လာစိုက်ကြတာဖြစ်တယ်လို့ လွိုင်ကော်မြို့ခံ ကိုရော့ကီက ပြောပါတယ်။

သို့ပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းကစပြီး လွိုင်ကော်မြို့ပေါ်နေရာအများစုကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နေရာပြန်ယူနေတဲ့အတွက် စပါးစိုက်ပျိုးထားတဲ့ ဒေသခံပြည်သူတွေ စပါးခင်းတွေကို ပြန်ကြည့်ဖို့ စိုးရိမ်မှုတွေရှိလာသလို အခက်ခဲတွေလည်း တွေ့ကြုံနေရတယ်လို့ ဆိုပါတယ်။

“နောက်ပြီးတော့ (စပါးခင်း)ဟိုရောက်တော့လည်း လယ်ထဲအရင်ချောင်းကြည့်ရတယ် ။ သူများရှိလား မရှိလား။ သူများနည်းနည်းပါးပါးရှိမှသွားရတယ်။ ဒါပေမဲ့ သွားကြည့်တဲ့အခါမနက်ပိုင်းပဲရတယ်။ အချိန်အကြာကြီးသွားမကြည့်နဲ့။ စစ်ကောင်စီဖက်ကနေ ပစ်လာတဲ့ ပွိုင့် 5 က ခေါင်းပေါ် ရောက် လာလိမ့်မယ်။ ပြီးတော့ ခေါင်းပေါ်မှာ ဒရုန်းတွေပဲ။ ယင်ကောင်စိမ်းလိုမျိုးပဲ။ မကြည့်ပြန်တော့လည်းမရ ကြည့်ပြန်တော့လည်းအသက် အန္တရာယ်စိုးရိမ်ရတာပေါ့” လို့ တောင်သူတစ်ဦးက ဆိုပါတယ်။

ကရင်နီမှာ စပါးတစ်အိတ်ကို တစ်သိန်းနီးပါး ပေါက်ဈေးရှိနေပြီး စစ်ရှောင်စခန်းတွေမှာ အလှူရှင်တွေ လာရောက်မှုနည်းပါးလာတဲ့အတွက် စစ်ဘေးရှာင်အများစုဟာ စားဝတ်နေရေး ပိုမိုခက်ခဲလာကြတယ်လို့ ဆိုပါတယ်။

“ခုဆိုလည်း စပါးတစ်အိတ် တစ်သိန်းနီးပါးရှိတယ်။ နောက်အလှူရှင်ကလည်း ဝေးဝေးတစ်ခါ ဘာမရှိပဲ ကလေးများတဲ့ ကျနော်တို့လိုက ပိုဆိုးတာပေါ့။ စားဖို့သာက်ဖို့က ပိုခက်ခဲတာပေါ့ မျှော်လင့်ချက်မဲ့သွားတာပေါ့”လို့ လွိုင်ကော်စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားစဉ်က လွိုင်ကော်-ဒီးမော့ဆိုမြို့အဝင် ဧရိယာတွေနဲ့ ဒေါဥခူအနောက်ခြမ်းက နေရာတချို့မှာ စိုက်ပျိုးထားတဲ့ စပါးဧကပေါင်း တစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။

Most read this week

September 30, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာ အုပ်စုအတွင်းမှာနေထိုင်တဲ့ အသက် ၃၅နှစ်မှ...
September 28, 2024
ကရင်နီပြည်က စစ်ရှောင်စခန်းလေးတွေဆီကိုရောက်ရင် “အိမ်နောက်ဖေးစျေးဆိုင်တည်ပါ” ဆိုတဲ့ စကားပုံအတိုင်း...
September 27, 2024
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို...