ကရင်နီပြည်တွင် ဒစ်ဂျစ်တယ်ငွေလွှဲမှုများ ၂၀ ရာနှုန်းအထိ ဝန်ဆောင်ခပေးနေရ

ကရင်နီပြည်တွင် ဒစ်ဂျစ်တယ်ငွေလွှဲမှုများ ၂၀ ရာနှုန်းအထိ ဝန်ဆောင်ခပေးနေရ

ကရင်နီပြည်နယ်တွင် K pay သို့မဟုတ် Wave pay တို့ဖြင့် ငွေထုတ်ရာတွင် ထုတ်ခ ၂၀ ရာခိုင်နှုန်းအထိ ပေးနေရသောကြောင့် ခက်ခဲမှုများရှိလာနေသည်ဟု  ငွေထုတ်ယူ သူများနှင့် ငွေလွှဲငွေထုတ် လုပ်ကိုင်နေသူများက ပြောသည်။

ငွေလွှဲ၊ ငွေထုတ် အေးဂျင့်များသည် ဘဏ်များ ပိတ်ထားသည့်အတွက် ငွေသားများ ပြန်လည် ထုတ်ယူရန် ခက်ခဲ နေသဖြင့် ငွေထုတ်ခမှာ အဆမတန် မြင့်တက်လာရခြင်းဖြစ်သည်ဟု ကရင်နီပြည်အတွင်း K pay နှင့် Wave pay ဝန်ဆောင်မှု ပေးနေသူ ဒေါ်မေက ပြောသည်။

၎င်းက “ကျမတို့ ငွေသားတွေ သွားယူတဲ့နေရာကလည်း မရှိတော့ဘူးပေါ့နော်။ အရင်တုန်းက ဆိုရင် K pay Percent တွေကနည်းတယ်။ KBZ ဘဏ်ကလည်း ဖွင့်ထားတဲ့အတွက်ကြောင့်မို့ အဲ့ဒီကနေ တစ်ဆင့် ယူလို့ရ တယ် ပေါ့နော်။ အခုမှာ KBZ ဘဏ်ကလည်း ပိတ်ထားတယ်ပေါ့နော်။ ပြီးတော့ ဒီငွေသားတွေ ဆိုလို့ရှင် ဘဏ်မှာ သွား ထုတ်မယ် ဆိုရင်လည်း တစ်ဦးကို ၅သိန်း နှုန်းနဲ့ပဲ အဲ့လောက်ပဲ သူတို့က ထုတ်ပေးတယ်လို့ ကြားတယ်ပေါ့နော်။ ပြီးငွေသားမှာဆို အရမ်း အခက်အခဲရှိတာ ပေါ့နော်။ KBZ pay ကလည်း ဘဏ်က ပိတ်ထားတဲ့ကြောင့်မို့လို K pay ဖြစ်ဖြစ် wave pay ဖြစ်ဖြစ် ထုတ်ပေးတဲ့ percent တွေ များရခြင်း ဖြစ်တယ်ပေါ့နော်” ဟု ပြောသည်။

ယခင်က ငွေထုတ်ခမှာ အမြင့်ဆုံး ၂ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ယခုတွင် အနိမ့်ဆုံး ၆ ရာခိုင်နှုန်းနှင့် အမြင့်ဆုံး ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်ဟု ငွေထုတ်ပေးသူ တစ်ဦးက ပြောသည်။

“အရင်ကပေါ့နော် K pay ဆိုက 2 percent ဆို အလွန်ဆုံးပဲပေါ့နော်။ အခုဆိုလို့ရှင် ၆ က အနည်းဆုံး ဖြစ်သွား ပြီးတော့မှ 8 percent, 10 percent အဲ့လိုမျိုး ၂၀ ထိတောင်မှ သွားတယ်ပေါ့နော်။ 20 percent အထိကို တက် သွားတယ်ပေါ့နော်။ အဲ့ဒီ ကွာဟချက်တော့ အများကြီးပေါ့နော်။ အလွန်ဆုံးက သွားထုတ်နေတဲ့ နေရာတွေ တောင် မရှိတော့ဘူး။ ငွေသားဆိုလည်း 8 percent 10 percent ပေးတောင်မှ ငွေသားက မရှိတော့ဘူးနော်။”

ငွေထုတ်ခများ မြင့်တက်လာသောကြောင့် စစ်ဘေးရှောင်များကို ကူညီပေးရာ၌လည်း အခက်အခဲများ ရှိလာ သည်ဟု ကရင်နီပြည်က စစ်ဘေးရှောင်များကို ကူညီပေးနေသူ ဦးဇော်မင်းထိုက် က ပြောသည်။

“ငွေထုတ်တဲ့သူ အနေနဲ့ကတော့ အခက်အခဲကတော့ ရှိတာပေါ့နော်။ ဥပမာပေါ့ စစ်ဘေးရှောင် တစ်ယောက်ကို ဥပမာ ၁၀ သိန်းဖိုးလောက် လှူမယ်ဆိုရင် သူ့ဟာ 5 percent ဆိုရင်ကိုပဲ အဲ့မှာက ၅ သောင်းနည်းသွား ပြီပေါ့ နော်။ 10 percent ဆို ၁ သိန်း နည်းသွားပြီပေါ့။ နည်းသွားတာက ဒီစစ်ဘေးရှောင်အတွက် ဆိုလို့ရှင် ဒီ ၁ သိန်းက ဆန် အိတ် တစ်အိတ်လည်း ရသွားနိုင်တယ်ကွာ။ ဥပမာ ဆီဆိုရင်လည်း ၁၃ ဘူး၊ ၁၄ ဘူး ၅၀ သားဆိုရင်ပဲ အဲ့ လောက်ထိ ပိုပြီးတော့ လှူလို့ရတာပေါ့နော်။ အခုကျတော့ လောလောဆယ် percent အရမ်း မြင့်တက်သွား တယ်ပေါ့နော်။ ဒီအများအတွက် လုပ်နေရတဲ့ သူတွေအတွက်တော့ အဆင်မပြေဘူးပေါ့နော်။”

ထို့အပြင် နိုင်ငံခြားရောက် ပြည်သူများမှ ပြည်တွင်းသို့ ငွေလွှဲရာ၌ အခက်အခဲ မရှိသော်လည်း ပြည်တွင်းမှ K pay နှင့် Wave pay တို့ကိုသုံး၍ ငွေထုတ်ယူရာတွင် ပေးရသည့် ရာခိုင်နှုန်းမှာ မြင့်တက်နေ၍ ငွေထုတ်သူ အတွက် စိုးရိမ်ရသည်ဟု ဝန်ဆောင်မှုပေးသူ တစ်ဦးက ပြောသည်။

“နိုင်ငံခြားမှာ ရှိတဲ့သူက မြန်မာပြည်ကို ငွေလွှဲမယ်ဆိုတော့ သူတို့အတွက်က ခက်ခဲမှာ မဟုတ်ဘူးပေါ့နော်။ ဘာ ဖြစ်လဲဆိုလို့ရှင်တော့ နိုင်ငံခြားမှာ အခုဆိုလို့ရှင်လည်း ဘတ် ၁ထောင် ဆိုလို့ရှင် မြန်မာငွေက ၁ သိန်း ၃ သောင်း ရတယ်ပေါ့နော်။ ပြီးတော့မှ ဒီဒေါ်လာဆိုလည်း ဒေါ်လာတစ်ရာ ဆိုရင် မြန်မာငွေက ၅ သိန်း လောက်ရနေတဲ့ အချိန်မှာပေါ့နော် သူတို့အတွက်က အခက်အခဲတော့ မရှိလောက်ဘူး။ ဒါပေမဲ့ ကျမတို့ ဒီ KBZ အဲ့ဒီ K pay ထုတ် တဲ့ သူတွေအတွက်ခါကျ ဒီ percent များတဲ့ အတွက်ကြောင့် စိုးရိမ်တယ်ပေါ့နော်။ ငွေသား ရှာရခက်ခဲတဲ့ အခက် အခဲတော့ ကြုံရတယ်ပေါ့နော်။”

စစ်ကောင်စီက ဇူလိုင်လ ၁ ရက်နေ့တွင် ပုဂ္ဂလိက ဘဏ် ၇ ခုနှင့် ဘဏ်ပိုင်ရှင်များအား ဗဟိုဘဏ်က သတ်မှတ် ထားသည့် နှုန်းထားထက် ပိုပြီး အိမ်ယာ ချေးငွေထုတ်ချေးမှုဖြင့် အရေးယူမည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

ထို့နောက် မြန်မာပြည်တွင်းရှိ ဘဏ်နှင့် ATM စက်မျာ၌ ငွေသားထုတ်ရာတွင် ခက်ခဲလာပြီး K pay နှင့် Wave pay များမှ ငွေသားထုတ်ယူသူ များလာသည့်အတွက် ကိုယ်စားလှယ် အချို့က ဇူလိုင်လ ဒုတိယပတ်ထိ  ငွေထုတ်ပေး ခြင်းများကို ရပ်နားထားကြသည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...