ကျောက်မဲ TNLA တစ်ဘက်သက်အပစ်ရပ်ဟု ဆိုသော်လည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွား

ကျောက်မဲ TNLA တစ်ဘက်သက်အပစ်ရပ်ဟု ဆိုသော်လည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တစ်ဘက်သက် အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ဇူလိုင်လ ၁၅ ရက်  မှ စတင်ပြီး ဇူလိုင်လ ၁၈ ရက်နေ့အထိ လေးရက်တာ တစ်ဘက်သက် အပစ်ရပ်ထားရန် TNLA တပ်ဖွဲ့မှ ညွှန်ကြားထားသော်လည်း ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်းလာပြီး ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည်။

ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ-၅၀၁၊ ၅၀၂ တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင် လာသောကြောင့် စခန်းအနီးတဝိုက်နှင့် နတ်တောင်အနီးတဝိုက်တွင် TNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၅ ရက်နေ့လယ်တွင် ကျောက်မဲမြို့နယ် နောင်ပိန်လေးရွာအနီး ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့်လည်း TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ကျောက်မဲစစ်ကောင်စီတပ်မှ မြို့ဘက်သို့ လက်နက်ကြီး အလုံး(၃၀) ခန့် ပစ်ခတ်ခဲ့ရာ နမ့်ဟူးတောင်း အထက်ကျေးရွာနေ အဖွားအိုတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ရပ်ကွက် (၉) တွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဇူလိုင်လ ၁၅ ရက် ည ၉ နာရီကျော်တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နောင်အောရွာနှင့် သဲခေါ်ရွာအနီးရှိ TNLA တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရေဝင်ရွာရှိ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်သည်။

တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ ဇူလိုင်လ (၁၄) ရက်မှ (၁၈) ရက်နေ့အထိ လေးရက်တာ တစ်ဖက်သက် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း TNLA ဘက်မှ ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှ စတင်ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်နှင့် လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် နောင်ချိုမြို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်စခန်း (၄၀) ကျော်ကို ထပ်မံသိမ်းပိုက်ထားသည်။

Most read this week

September 30, 2024
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က...
September 27, 2024
သျှမ်းမြောက် မြို့တော် လားရှိုးကို ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက် အစောပိုင်း ၃ နာရီခွဲခန့်...
September 26, 2024
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အလှူရှင်မရောက်သည့်...
September 25, 2024
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများထံသို့...