ကရင်နီ စာသင်ကျောင်းတွင် ဗုံးခိုကျင်း ထည့်သွင်း ဆောက်လုပ်

ကရင်နီ စာသင်ကျောင်းတွင် ဗုံးခိုကျင်း ထည့်သွင်း ဆောက်လုပ်

ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက် စစ်ရှောင်စခန်းရှိ ကျောင်းဆောင်သစ်များတွင် ဗုံးခိုကျင်းများ ထည့်သွင်းထားသဖြင့် မိဘများအား စိတ်ချလုံခြုံမှုကို ဖြစ်စေသည်ဟု ကျောင်းသား မိဘများက ပြောသည်။

စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် စာသင်ဆောင်များတွင် ဗုံးခိုကျင်းများကိုပါ ထည့်သွင်းဆောက်လုပ်ထားသည်ဟု ကရင်နီ စစ်ဘေးရှောင်များနှင့် ကျောင်းတာဝန်ရှိသူများက ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် စစ်ရှောင်ကလေးများအား စာသင်နေသည်မှာ ၃ နှစ်ရှိပြီ ဖြစ်သော်လည်း ယခု နှစ်မှသာ စာသင်ဆောင်ကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်နိုင်ခဲ့ပြီး စာသင်ဆောင်များတွင် ဗုံးခိုကျင်းကိုပါ ထည့်သွင်း ဆောက်လုပ်ထားရသည်ဟု ကျောင်းသား မိဘများက ပြောသည်။

စစ်ရှောင် ကျောင်းသားမိဘ တစ်ဦးက “အခုက ကျောင်းဆောင် ရလာပြီဆိုတော့ အစ်မတို့ အနေနဲ့က အဝေးကြီး လည်း သွားပို့စရာမလိုတော့ဘူး။ ကိုယ့်အနီးအနားမှာ ရှိတဲ့ကျောင်းမှာ ထားလိုက်ရတော့ အများကြီး ပိုလုံခြုံ သွားတာပေါ့။ အရေးနဲ့ အကြောင်းဆို ကိုယ့်ကလေးကို သွားပြေးခေါ်လို့လည်း ရတယ်။ ပြီးကျောင်းမှာ ဗုံးခို ကျင်းတွေလည်း လုပ်ထားပေးတဲ့အတွက်ကြောင့် ကလေးတွေအတွက် အရမ်းအဆင်ပြေတယ်ပေါ့လေနော်။ အဲ့ဒါကြောင့်မို့ ပိုပြီးတော့မှ စိတ်ချလက်ချနဲ့ ကလေးကို ကျောင်းထားနိုင်သွားတာပေါ့” ဟု ပြောသည်။

စာသင်နှစ် ၃ နှစ်ပြီးဆုံးသည်ထိ စာသင်ဆောင် ဟူ၍ သီးသန့် မရှိဘဲ ယခုနှစ်တွင် ကျောင်းတာဝန်ခံ၏ သူငယ် ချင်းများ၊ လုပ်ဖော်ကိုင်ဖက်၊ ဓမ္မအမှုတော်ဆောင် များထံမှ အကူအညီ တောင်းခံပြီး ရရှိသည့် အလှူငွေများ၊ အကူအညီများဖြင့် ကျောင်းဆောင်အား ဆောက်လုပ်နိုင်ခဲ့သည်ဟု ကျောင်းတာဝန်ခံက ပြောသည်။

အဆိုပါ ကျောင်းဆောင်ကို ပေ ၇၀၊ ၁၅ ပေ တစ်ဆောင်၊ မူကြိုဆောင်ကို ပေ ၂၀၊ ၁၅ ပေ တစ်ဆောင်နှင့် ကျောင်းထဲတွင် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများပါ ပြုလုပ်ထားသည် ဟု ဆိုသည်။

စာသင်ဆောင် မဆောက်နိုင်သေးခင်က ယခင်ဈေးတန်း နေရာကို စာသင်ခန်း ပုံစံပြုလုပ်ပြီး သင်ကြားခဲ့ရာ စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ကျောင်းတာဝန်ခံ ကပြောသည်။

၎င်းက “ပြီးခဲ့တဲ့ စာသင်နှစ် ၃ နှစ် အတောအတွင်းမှာ ကျမတို့က ဈေးထဲမှာ သင်ကြားရတာ ဖြစ်တယ်။ အဲ့မှာ ဈေးတန်းထဲမှာပဲ ကျမတို့ အဲ့မှာပဲ အဲ့လိုပဲ သင်ကြားတယ်ပေါ့။ သူများ ဈေးတန်းထဲမှာ အလွယ်တကူ ဆောက် ထားတဲ့ ဈေးတန်းထဲမှာပဲ ကျမတို့ တစ်ခန်းတစ်ခန်း လုပ်ပြီးမှ သင်ကြားသွားတယ်ပေါ့နော်။ ဈေးထဲမှာ နေတဲ့ အခါမှာဆို အမြဲတမ်း ဈေးကော်မတီက တစ်မျိုး ပြောလိုက်၊ ရွာခံက တစ်မျိုးပြောလိုက်နဲ့ အဲ့လိုမျိုး စိတ်ဖိစီးမှု အမျိုးမျိုး ရင်ဆိုင်နေရတယ်ပေါ့နော်“ ဟု ပြောသည်။

စစ်ရှောင်စခန်းထဲတွင် စာသင်ဆောင်ရှိလာတဲ့ အတွက် မိဘများအနေဖြင့် ကလေးများအတွက် ကျောင်းထား ရာတွင် ပိုမိုပြီး စိတ်ချလာသည်ဟု စစ်ရှောင် ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

“ဒီနှစ် ခါကျ ဒီဘက်ကို ရောက်လာတယ် ပြီးခါကျတော့ စာသင်ကျောင်း မရှိဘူးဆိုတော့ တော်တော် စိတ်ပျက် သွားတယ်။ ဒါပေမဲ့ ကိုယ်လည်း စစ်ရှောင်နေရတာဆိုတော့ ဒီကျောင်းဖွင့်တဲ့ အချိန်မှာရောက်လာတော့ ဒီက ဆရာမတစ်ဦးက စစ်ရှောင်အတွက်ဆို ကျောင်းဆောင်လုပ်ဖို့ အလှူခံလိုက်တော့ ကျောင်းဆောင် တစ်ခုဖြစ် လာတယ်ပေါ့နော။ အဲ့ဒီအပေါ်မှာ ဝေးဝေးလံလံ သွားစရာလည်းမလိုဘူး။ ဆရာ၊ဆရာမလည်း ငှားစရာ မလို တော့ဘူးဆိုတော့။ စစ်ရှောင်တဲ့ အချိန်မှာ ဝင်ငွေကလည်း မရှိတော့လေး။ အဲ့လို ငှားဖို့က အရမ်း ခက်ခဲသွား တယ်။”

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC ) ဘက်မှ ယခင်နှစ်က ဆရာမ ၄ ဦးအား ၄ သိန်းခွဲ တစ် ကြိမ်၊ ၂ သိန်း တစ်ကြိမ် ပံ့ပိုးမှု ရှိခဲ့ပြီး ယခုနှစ် စာသင်ကျောင်းဆောင်အတွက် ၁၈ပေ ပတ်လည် မိုးကာ ၃ ထည် ကို ကူညီပေးခဲ့သည်ဟု ကျောင်းတာဝန်ခံ ကပြောသည်။

ထိုစစ်ရှောင် စာသင်ကျောင်းတွင် ကျောင်းသား ၈၀ ကျော် ရှိပြီး ဆရာ၊ ဆရာမ ၉ ဦးရှိသည်။

ဆရာ၊ ဆရာမများကို အပြင်မှ ငှားရသောကြောင့် ထောက်ပံ့ကြေး လိုအပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ၊ စားပွဲ၊ ထိုင်ခုံများနှင့် မူကြိုနေအရွယ် ကလေးများအတွက် ကစားစရာများလည်း လိုအပ်နေသည်ဟု ကျောင်းတာဝန်ခံက ပြောသည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...