ပြည်ပလုပ်သားများ မိသားစုလွှဲငွေ ၂၅ ရာခိုင်နှုန်း တင်ပြနိုင်ခြင်းမရှိပါက ပို့ဆောင်ပေးသည့် အလုပ်အကိုင်အေဂျင်စီများ အရေးယူခံရမည်ဟု ဖိအားပေး

ပြည်ပလုပ်သားများ မိသားစုလွှဲငွေ ၂၅ ရာခိုင်နှုန်း တင်ပြနိုင်ခြင်းမရှိပါက ပို့ဆောင်ပေးသည့် အလုပ်အကိုင်အေဂျင်စီများ အရေးယူခံရမည်ဟု ဖိအားပေး

ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ဝင်ငွေ၏ ၂၅ရာခိုင်နှုန်းကို မိသားစုထံ ငွေပြန်လွှဲကြောင်း မှတ်တမ်းမတင်ပြနိုင်ပါက ၎င်းလုပ်သားများအား တာဝန်ယူပို့ဆောင်ပေးသည့် အလုပ်အကိုင်အေဂျင်စီသည် ပိတ်သိမ်းခံရသည်အထိ အရေးယူခံရမည်ဟု ဖိအားပေးခံနေရကြောင်း သိရသည်။

စစ်ကောင်စီက သတ်မှတ်ထားသည့် ငွေလွှဲလမ်းကြောင်းမှ ငွေလွှဲထားသည့် မှတ်တမ်းများကိုသာ လက်ခံမည်ဖြစ်ကြောင်းနှင့် မှတ်တမ်းများ တင်ပြရန် စစ်ကောင်စီလက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနက ဖိအားပေး ခြိမ်းခြောက်နေကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်အချို့က ပြောသည်

“၂၅ရာခိုင်နှုန်း လွှဲဖို့အတွက် အေးဂျင့်တွေက တာဝန်ယူပြီးတော့ မလုပ်ပေးနိုင်ရင် ရပ်ဆိုင်းတာတွေ ခံရမယ်လို့ ပြောနေတာတွေ ထပ်ကြားရပါတယ်။ တော်တော်ကို ဘေးကျပ် နံကျပ်ဖြစ်နေတာပေါ့နော်”ဟု အမည်မဖော်လိုသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီတဦးမှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပစေလွှတ်သည့် လုပ်သားဦးရေစာရင်းများကို မှတ်တမ်းတင်ထားပြီး မိသားစု သို့ ငွေပြန်လွှဲပို့ငွေ ရှိ ၊ မရှိ စိစစ်နေပြီဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် တဖက်တလမ်းမှ ဝင်ငွေရှာပေးကြရန်နှင့် တာဝန်အပြင် စေတနာပါ ထည့်သွင်းလုပ်ဆောင်ကြရန် စစ်ကောင်စီအလုပ်သမားဝန်ကြီး ဦးမြင့်နောင်က မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)၊ နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်များနှင့် ဇူလိုင် ၆ရက် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် Melia Hotel တွင် တွေ့ဆုံရာ၌ ပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လစာ၏ ၂၅ ရာခိုင်နှုန်းကို ငွေလွှဲရာတွင် ပေးဆောင်ရမည့် အခွန်နှစ်ရာခိုင်နှုန်းကို ဖြတ်ယူပြီး ဖြစ်ကြောင်း၊ အေဂျင်စီများအနေဖြင့် မိသားစုလွှဲပို့ငွေများ ပြန်ပို့စေရန် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်မှ ပြောခဲ့သည်ကို ဇူလိုင်၆ရက်က စစ်ကောင်စီ ဝါဒဖြင့် မြန်မာ့အသံ (MRTV) မှ ထုတ်လွှင့်ခဲ့သေးသည်။

အေဂျင်စီများအနေဖြင့် လုပ်သားများကို ငွေမဖြစ်မနေ ပြန်လွှဲရန် ဖိအားပေး၍ မရနိုင်ဘဲ စစ်ကောင်စီ၏ ဆောင်ရွက်နေမှုများကိုသာ ပြန်ရှင်းပြပေးပြီး ငွေပြန်လွှဲသူ စာရင်းကိုသာ ပြန်တင်ပြနေရကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။



“အေဂျင်စီက အဲ့ဒါကို သေချာမရှင်းပြဘူး ငွေမလွှဲကြဘူးဆိုရင် ဒဏ်ပေးဘာညာလည်း လုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေ ဖြစ်နေတာပေါ့။ အေဂျင်စီကလည်း မဖြစ်မနေပို့ရမယ်ဘာညာဆိုပြီး အမိန့်ပေးပိုင်ခွင့် မရှိဘူးလေ။ ကာယကံရှင်ကို သွားပြီးတော့ လည်ပင်းသွားညှစ်လို့လည်း မရ ဖိအားပေးလို့လည်း မရတော့ ကိုယ်လုပ်ပေးရမယ့် တာဝန်တွေကို‌တော့ လုပ်ဆောင်ပေးနေပါတယ်”ဟု ၎င်းက ပြောသည်။

အေဂျင်စီများအနေဖြင့် လာမည့် ၂၇ရက်တွင် အဆိုပါ ငွေလွှဲစာရင်းများကို အပြီးသတ် တင်ပြရမည်ဖြစ်ကြောင်း ၊ ငွေလွှဲပေးပို့မှုများရှိပါက ၎င်းတို့ထံ ပြန်လည်ပေးပို့ပေးရန် လာရောက် ပြောဆိုမှုများရှိကြောင်း ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူတဦးက ပြောသည်။

“ မဖြစ်မနေ ငွေလွှဲရမယ်ဆိုတာတွေတော့ လာမပြောကြပါဘူး။ သူတို့ ၂၇ရက်နေ့ စာရင်းတင်ပြရမှာမို့ ငွေလွှဲထားတာရှိရင် ပို့ပေးပါဆိုတာလောက်ပဲ ပြောပါတယ်။ ဂျပန်မထွက်လာခင်ကတော့ ၂၅ရာခိုင်နှုန်းကို သူတို့သတ်မှတ်ထားတဲ့ နေရာကနေတဆင့် မဖြစ်မနေ လွှဲရမယ့်အကြောင်း လက်မှတ်ထိုးခဲ့ရတာရှိတယ်”ဟု ၎င်းက ပြောသည်။

ကိုရီးယားရောက် လုပ်သားတဦးက လည်း” ဒီမှာကတော့ စတိသဘောမျိုး နည်းနည်းလောက် ငွေလွှဲကြတဲ့သူတွေတော့ ရှိတယ်။ သူတို့ကတော့ သူတို့ရဲ့ တရားဝင်ဘဏ်တွေနဲ့ လွှဲခိုင်းတာတော့ ရှိတာပေါ့။ ဒီမှာလည်း မြန်မာနဲ့ တိုက်ရိုက်ချိတ်ထားတဲ့ ဘဏ်တွေလေ။ အဲ့လို လွှဲတဲ့သူတွေကတော့ နည်းပါတယ် နည်းနည်းကြောက်တတ်တဲ့သူတွေလောက်ကပဲ အခြေခံလစာကို တွက်ပြီး စတိလောက် လွှဲကြတာပါ”ဟု ပြောသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနသည် ဇူလိုင် ၇ရက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA)၏ ဧကဒသမအကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးတွင်လည်း ပြည်ပရောက် လုပ်သားများ မိသားစုထံ ၂၅ရာခိုင်နှုန်း ပြန်လည်လွှဲပို့ငွေကို ၎င်းတို့သတ်မှတ်ထားသည့် ဘဏ်များမှ လွှဲပို့စေရေးအတွက် သက်ဆိုင်ရာ အေဂျင်စီများမှ ပြည်ပရှိ အလုပ်သမားများဆီသို့ သွားရောက်စည်းရုံးပေးကြရန် ထပ်မံ ဖိအားပေး ပြောခဲ့သည်ကိုလည်း တွေ့ရသည်။

Most read this week

September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...
September 16, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် မိုးရွာသွန်းမှုများပြီး အင်းလေးကန်အတွင်း...