မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာမှာ ရေတိုက်စားမှုကြောင့် နေအိမ် ၁၂ လုံးထက်မနည်း ပြိုကျပျက်စီး

မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာမှာ ရေတိုက်စားမှုကြောင့် နေအိမ် ၁၂ လုံးထက်မနည်း ပြိုကျပျက်စီး

မြစ်ကြီးနား-ပူတာအိုလမ်း မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာမှာ ရေတိုက်စားမှုကြောင့် နေအိမ် ၁၂ လုံးထက်မနည်း ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းလောက်ကနေ ဧရာဝတီမြစ်ရေ စတင်မြင့်တက်လာပြီး ရေကျသွားချိန် ဇူလိုင်လ ၂ ရက်နေ့မှာတော့ ရေတိုက်စားခဲ့တဲ့ ဒဏ်ကြောင့် မြစ်အနီးတစ်လျှောက် တီယန်ဇွပ်ကျေးရွာအတွင်းက နေအိမ် အလုံး ၂၀ လောက် ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ရေစီးကြောင်းအရှိန်ကြောင့် နေအိမ် ၁၂ လုံးထက်မနည်း ပြိုကျပျက်စီးသွားတဲ့အပြင် တစ်ချို့နေအိမ်တွေကတော့ ရေဝင်ရောက်တာတွေ၊ ရေနစ်မြုပ်တာတွေ ဖြစ်ခဲ့တာလို့ တီယန်ဇွပ်ကျေးရွာ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ကားလမ်းတစ်လျှောက်က အိမ်တော်တော်များများ ပါသွားတယ်။ အိမ်အကောင်းတွေ ပျဉ်ထောင်အိမ်တို့ ဝိတ်ရှိတဲ့ဟာတွေ အကုန်ပြိုပြီး ပါသွားတာ။ ရေကျတဲ့နောက် အိမ်တွေ ပြိုလာတာ"လို့ ပြောပါတယ်။

နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်မှာတော့ ကုန်းမြင့်ပိုင်းမှာရှိတဲ့ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေဆီ ခိုလှုံနေကြတယ်လို့လည်း သိရပါတယ်။

 ဒါ့အပြင် မြစ်ကြီးနား-တီယန်ဇွပ် လမ်းပိုင်း ပျက်စီးမှုတွေကြောင့် ရွာအတွင်း ဈေးဆိုင်တွေမှာ ကုန်ပစ္စည်းပြတ်တာတွေ ဖြစ်ပေါ်နေပြီး ဓာတ်ဆီတစ်ဂါလံကို ခြောက်သောင်းကျပ်ရှိနေတယ်လို့ နောက်ထပ် တီယန်ဇွပ်ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။

 " ရေထဲမပါသွားဘဲ ပျက်စီးသွားတာတွေကိုတော့ သွပ်တွေ ပြန်ဖြုတ်ယူတာတွေ လုပ်နေတယ်။ လောလောဆယ် ကုန်တွေ မရောက်တော့ ကုန်ပစ္စည်းတွေ ပြတ်နေတယ်။ ကုန်စုံဆိုင်မှာလည်း ပစ္စည်းတွေ ကုန်နေပြီ"လို့ ဆိုပါတယ်။

 ဒါ့အပြင် ရေကြီးပြီးနောက် လမ်းပြို၊ တံတားကျိုးတာတွေ ဖြစ်ပေါ်နေတဲ့အတွက် မြစ်ကြီးနားကနေ အင်ဂျစ်ယန်ကျေးရွာ အုပ်စု၊ အင်ဆွပ်ဇွပ်ရွာအထိ ကုန်းလမ်းကနေ သွားရပြီး အဲဒီကနေ တဆင့် တီယန်ဇွပ်ကျေးရွာအထိ ရေလမ်းကြောင်းနဲ့ ခရီးဆက်သွားရတယ်လို့လည်း သိရှိရပါတယ်။

မြစ်ကြီးနားမြို့နဲ့ မိုင် ၄၀ ကျော်လောက် ဝေးတဲ့ တီယန်ဇွပ်ကျေးရွာ မြစ်ကြီးနား-ပူတာအို လမ်းပေါ်မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ပူတာအိုမြို့ဘက် ခရီးသွားသူတွေအတွက် ခရီးတစ်ထောက်နားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

မြစ်ဆုံအထက်ပိုင်းမှာရှိတဲ့ တီယန်ဇွပ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက် ရှိပြီး လူဦးရေ တစ်ထောင်၀န်းကျင် နေထိုင်နေတယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းမှာ မိုးရွာသွန်းမှုများတာကြောင့် မြစ်ရေကြီးလာတာဖြစ်ပြီး မြစ်ကြီးနားမြို့တွင်း လတ်တလော မြင့်တက်သွားတဲ့ မြင့်ရေအမှတ်ဟာ အမြင့်ဆုံး ၁၄၀၆ စင်တီမီတာရှိခဲ့တာကြောင့် မြို့တွင်း မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ မြို့နဲ့ ဝေးတဲ့ ကျေးရွာတွေအထိပါ မြစ်ရေ ဝင်ရောက်ခဲ့တာပါ။

၁၉၇၉ ခုနှစ်က ဧရာဝတီမြစ်ရေမြင့်တက်မှုမှာ ၁,၄၁၃ စင်တီမီတာ ၊၁၉၉၇ ခုနှစ်မှာ ၁,၄၁၁ စင်တီမီတာ နဲ့ ၂၀၀၄ ခုနှစ်မှာတော့ ၁,၄၀၈ စင်တီမီတာ အမြင့်ဆုံးရောက်ရှိခဲ့ပါတယ်။

ပြည်နယ်မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးမှူး ဦးနိုင်လင်းထွေးရဲ့ လူမှုကွန်ရက်စာမျက်မှာတော့ လတ်တလော မြစ်ကြီးနားမြို့တွင်း မြင့်တက်သွားတဲ့ ဧရာဝတီမြစ်ရေအမှတ်ဟာ ၂၀၀၄ ခုနှစ်က မြစ်ရေအမှတ် ၁,၄၀၈ စင်တီမီတာအောက် ၂ စင်တီမီတာ ၁လက်မခန့်သာ လျော့နည်းတာကြောင့် မြစ်ရေအမှတ် တူညီတယ်လို့ ပြောနိုင်ကြောင်း ရေးသားထားပါတယ်။

Most read this week

July 3, 2024
ဗန်းမော်မြို့နယ်အတွင်းက ရေဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော် နေ့စဉ်စားသောက်နိုင်ဖို့ အစားအစာ၊...
July 2, 2024
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးရွာသွန်းတာကြောင့် ဥရုချောင်းနဲ့ အင်မားချောင်းရေကြီးလာပြီး...
July 1, 2024
မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်အမှတ်ကို ကျော်လွန်နေပြီး ရေဝင်ရောက်နေတဲ့ ရပ်ကွက်တွေက...
June 29, 2024
ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်း လီဒိုလမ်းပေါ်မှာရှိတဲ့ နောင်းမီကျေးရွာအတွင်း...